တရုတ်အရှေ့ပိုင်းကို တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်၊ ရှန်ဟိုင်း၌ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

တရုတ်အရှေ့ပိုင်းကို တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်၊ ရှန်ဟိုင်း၌ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

ဇူလိုင် ၂၅

တရုတ်နိုင်ငံအရှေ့ပိုင်း၌ ဇူလိုင် ၂၅ ရက်တွင် တိုင်ဖွန်းမုန်တိုင်း In-Fa ဝင်‌ရောက်မှုနှင့်အတူ လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်မှုများ ရှိခဲ့ရာ အာဏာပိုင်များက ဒေသခံများ၏ ပြင်ပထွက်ခွာ လှုပ်ရှားသွားလာမှုများအပေါ် ပိတ်ပင်ထားသည်။ တချိန်တည်းမှာပင် ရှန်ဟိုင်းမြို့ရှိ နိုင်ငံတကာ လေဆိပ်နှစ်ခုတွင်လည်း လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းထားခဲ့သည်။

In-Fa မုန်တိုင်းသည် တရုတ်အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၏ အဓိကဆိပ်ကမ်းတစ်ခုဖြစ်သည့် ကျောင်ရှန်းမြို့၏ Putuo ခရိုင်သို့ ဇူလိုင် ၂၅ ရက် ‌ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ခွဲတွင် ဝင်ရောက်ခဲ့ကြောင်း တရုတ် မိုးလေဝသဌာနကို ကိုးကားပြီး နိုင်ငံပိုင် စီစီတီဗွီ ရုပ်သံက ဖော်ပြသည်။

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် လူ ၅၈ ဦးထက်မနည်း သေဆုံးခဲ့ရသည့် စံချိန်တင် ရေလွှမ်းမိုးမှုများနှင့် ထိခိုက်ခံစားနေရဆဲ အချိန်ကာလအတွင်း ယခု မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်အလယ်ပိုင်း ရေကြီးမှုများကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိခဲ့သလို လူပေါင်း တစ်သန်းကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနေရာချထားပေးထားခဲ့ရသည်။
“ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံအောင် ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်၊ ပြီးတော့ သဘာဝဘေးဒုက္ခဆိုးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားပါမယ်၊ သေဆုံးမှု မရှိစေရေး၊ ဒဏ်ရာရရှိမှု နည်းပါးရေးနဲ့ စီးပွားရေး ဆုံးရှုံးမှု နည်းပါးစေရေး ဆိုတဲ့ ရည်မှန်းချက် ပြည့်မီအောင် လုပ်သွားပါမယ်” ဟု ကျဲ့ကျန်းပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ယွမ်ကျားဂျွန်က ဇူလိုင် ၂၄ ရက်က မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများကို စစ်ဆေးစဉ် ပြောသွားခဲ့သည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြောင့် အစောပိုင်းက ထိုင်ဝမ်တွင်လည်း မိုးကြီးပြီး သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းတို့ ဖြစ်ခဲ့သလို သေဆုံး၊ ထိခိုက်မှု သတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ မုန်တိုင်းကြောင့် တစ်နာရီ လေတိုက်နှုန်း ၁၅၅ ကီလိုမီတာ (၉၅ မိုင်) ရှိပြီး လေပြင်းတိုက်ခတ်မှုနှုန်းမှာ တစ်နာရီ ၁၉၁ ကီလိုမီတာ (၁၂၀ မိုင်) အထိ ရှိကြောင်း သိရသည်။

မုန်တိုင်းကြောင့် ရှန်ဟိုင်း ပူဒေါင်နှင့် ရှန်ဟိုင်း ဟုန်ချောင် လေဆိပ်တို့ရှိ လေယာဉ်ခရီးစဉ် ရာနှင့်ချီကို ဖျက်သိမ်းထားခဲ့ရပြီး ဇူလိုင် ၂၆ ရက်တွင်လည်း နောက်ထပ် လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှုများ ရှိလာဖွယ် ရှိကြောင်း နိုင်ငံပိုင်တီဗွီက ဖော်ပြခဲ့သည်။

အလားတူ ရှန်ဟိုင်းမြို့၏ အနောက်တောင်ဘက် ဟန်ကျိုးမြို့ရှိ နိုင်ငံတကာလေဆိပ်တွင်လည်း လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly