အိန္ဒိယ ရေကြီး မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၂၄ ဦးအထိ မြင့်တက်

အိန္ဒိယ ရေကြီး မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၂၄ ဦးအထိ မြင့်တက်
Photo - AFP

ဇူလိုင် ၂၅

အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးကြီးခဲ့ရာကနေ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီးနောက် သေဆုံးသူဦးရေဟာ ယခုအခါမှာ ၁၂၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။

လက်ရှိအချိန်မှာ ကယ်ဆယ်ရေးသမားတွေဟာလည်း ပျောက်ဆုံးနေဆဲ လူဒါဇင်များစွာကို ရှာတွေ့ဖို့ အပြင်းအထန် ကြိုးပမ်းနေကြလျက် ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်ကစလို့ မိုးသည်းကြီးမည်းကြီး ရွာသွန်းမှုတွေကြောင့် နိုင်ငံရဲ့ အနောက်ဘက် ကမ်းရိုးတန်းဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့သလို လာမယ့် ရက်အနည်းငယ်အထိ နောက်ထပ် မိုးကြီးမှုတွေ ရှိလိမ့်မယ်လို့ အိန္ဒိယ မိုးလေဝသဌာနက သတိပေးချက် ထုတ်ထားပါတယ်။

မဟာရက်ရှ်ထရာ ပြည်နယ်တစ်ခုတည်းမှာတင် လူပေါင်း ၁၁၄ ဦးအထိ သေဆုံးခဲ့ရပြီး အဲဒီသေဆုံးသူတွေထဲမှာ မွမ်ဘိုင်းမြို့ရဲ့ တောင်ဘက်က တောင်စောင်းနံဘေးမှာ တည်ရှိတဲ့ တာလီယီ ကျေးရွာတစ်ခုမှာ မြေပြိုမှုကြီးတစ်ခုကြောင့် သေဆုံးခဲ့သူ ၄၀ ဦးကျော်လည်း ပါဝင်နေခဲ့ပါတယ်။

မြေပြိုမှု ဖြစ်ချိန် လူတွေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြစဉ်မှာပဲ လူအများအပြား ပိမိဖုံးလွှမ်းခံလိုက်ရတာဖြစ်တယ်လို့ ရွာသားတစ်ဦးဖြစ်တဲ့ ဂျေရမ် မာဟက်စ်ကီက အေအက်ဖ်ပီကို ပြောပါတယ်။ ခုထက်ထိလည်း ၎င်းရဲ့ ဆွေမျိုးတွေ ပိတ်မိနေဆဲ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

မြေပြိုမှုကြောင့် မိနစ်ပိုင်းအတွင်းမှာပင် အိမ်ပေါင်း ဒါဇင်နဲ့ချီ ပိပြားသွားခဲ့ပြီး ကွန်ကရစ် အဆောက်အအုံနှစ်ခုသာ ကျန်ရစ်ခဲ့ကာ ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်ခဲ့ရကြောင်း ‌ဒေသခံတွေက အေအက်ဖ်ပီကို ပြောပါတယ်။

ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူပေါင်း ၉၉ ဦးလောက်ကို ရှာတွေ့ဖို့ ကယ်ဆယ်‌ရေးသမားတွေဟာ ရွှံနွံတွေ၊ အပျက်အစီး အစုအပုံတွေကြားထဲ ရှာဖွေနေခဲ့ကြပါတယ်။

အလားတူ မွမ်ဘိုင်းမြို့တောင်ဘက်မှာ အခြား သီးခြား မြေပြိုမှုနှစ်ခုကြောင့်လည်း လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပါသေးတယ်။

ချီပလန်မြို့ရဲ့ နေရာတစ်ချို့မှာတော့ ၂၄ နာရီကြာ မိုးအဆက်အပြတ် ရွာခဲ့လို့ လမ်းတွေ၊ အိမ်တွေကို ရေလွှမ်းမိုးမှုတွေဖြစ်စေခဲ့ပြီးနောက် ဇူလိုင် ၂၂ ရက်မှာ ရေလယ်ဗယ်တွေဟာ ပေ ၂၀ ( ခြောက်မီတာ ) နီးပါးအထိ တက်ခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာလည်းပဲ ရေကြီးမှုကြောင့် အသက်ရှုစက်တွေကို လျှပ်စစ်ဓာတ်အားထောက်ပံ့မှုတွေ ပြတ်တောက်ခဲ့ရတဲ့အတွက် ပြည်တွင်း ကိုဗစ်-၁၉ ဆေးရုံတစ်ခုမှာလည်း လူနာရှစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly