ကိုဗစ်ကာကွယ်ဆေးထိုးကြပြီဖြစ်တဲ့ မြောက်ပိုင်းလက်နက်ကိုင် လှုပ်ရှားနယ်မြေများ

ကိုဗစ်ကာကွယ်ဆေးထိုးကြပြီဖြစ်တဲ့ မြောက်ပိုင်းလက်နက်ကိုင် လှုပ်ရှားနယ်မြေများ

ဇူလိုင် ၂၅

ပြီးခဲ့တဲ့ မတ်လကနေ လက်ရှိအချိန်ထိ ဝ တပ်မတော်(UWSA) ထိန်းချုပ်နယ်မြေထဲမှာ တရုတ်အကူအညီနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနေကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

ပထမအသုတ်မှာတော့ ဆေးထိုးသူတွေဟာ ရက် ၂ဝ ခြား နှစ်ကြိမ်ထိုးရပြီး လက်ရှိ ဇွန်နဲ့ ဇူလိုင်လတွေမှာ ထိုးပေးနေတဲ့ ဆေးဟာ တစ်ကြိမ်သာ ထိုးရတယ်လို့ သိရပါတယ်။

တစ်ကြိမ်သာ ထိုးရတဲ့ဆေးဟာ တရုတ်စစ်တပ်က ထုတ်လုပ်တဲ့ ဆေးလို့သိရပြီး နှစ်ကြိမ်ထိုးတဲ့ ဆေးကတော့ တရုတ်ကျန်းမာရေးဌာနက ထုတ်လုပ်တဲ့ဆေးလို့ သိရပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အဲဒီ ကာကွယ်ဆေးကို UWSA ထိပ်ပိုင်းခေါင်းဆောင်ကအစ ထိုးကြပြီး ဒေသတွင်းမှာ နေထိုင်သူတွေအကုန်လုံး မဖြစ်မနေ ထိုးထားရပါတယ်။

“မထိုးတာတွေ့လို့ မိလို့ဆိုရင် ဒဏ်ငွေ ပေးရတယ်။ ယွမ် ၁,၀၀၀၊ ၂,၀၀၀ အဲလိုမျိုး ပေးရတယ်။ ဆေးထိုးပေးတာကတော့ ပိုက်ဆံပေးစရာမလိုဘူး။ အကုန်လုံး အလကားထိုးပေးတယ်” လို့ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီကာကွယ်ဆေး ထိုးပြီးသူတွေကိုလည်း ထိုးပြီးကြောင်း အတည်ပြုလက်မှတ်တွေလည်း ထုတ်ပေးထားတယ်လို့ အလုပ်သမားအဖြစ်သွားရောက်လုပ်ကိုင်သူတွေက ပြောပါတယ်။

ဆေးထိုးပြီးပြီးချင်း အတောအတွင်းမှာ မူးဝေတာ၊ အန်တာတွေ ဖြစ်တတ်သလို အချို့က ကိုက်ခဲပြီး ဖျားနာတွေရှိပေမယ့် ရက်ကြာရင်တော့ ပြန်လည်သက်သာလာကြတယ်လို့ ဆိုပါတယ်။

UWSA ထိန်းချုပ်ဒေသမှာ ကာကွယ်ဆေး အကုန်လုံးနီးပါး ထိုးထားပြီဆိုပေမဲ့ မိုင်းပေါက်၊ မိုင်းမော၊ ပန်ဆန်းတွေမှာ တစ်မြို့နဲ့တစ်မြို့ အသွားအလာတွေကိုတော့ ဆက်လက် ပိတ်ထားဆဲ ဖြစ်ပါတယ်။

ကာကွယ်ဆေး အများစု ထိုးထားကြတဲ့ ပန်ဆန်းမြို့က ဈေးကြီး အဝတ်ရောင်းတန်းတစ်ခုမှာ ဒီရက်ပိုင်းအတွင်း ကိုဗစ်ပိုးရှိလူနာတစ်ဦး ထပ်မံတွေ့ရှိခဲ့ရတာမို့ အဲဒီနေရာကို သုံးရက်လောက် Lockdown ပြုလုပ်လိုက်ပြီး အဲဒီလူနာဟာ ကာကွယ်ဆေး ထိုးထားခြင်း ရှိမရှိဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

အဲဒီဒေသက ပိုးတွေ့လူနာအများစုဟာ ခိုးဝင်သူတွေဆီကနေ တွေ့ရှိရတာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ခိုးဝင်သူတွေကို ပွဲစားလုပ်ပေးတဲ့ ပွဲစားအယောက် ၃ဝထက်မနည်းကို ဖမ်းရမိတယ်လို့ သိရပါတယ်။

UWSA ထိန်းချုပ်နယ်မြေမှာ ထိုးထားတဲ့ ကာကွယ်ဆေးတွေဟာ တရုတ်ပြည်တွေမှာလည်း အသုံးပြုနေတဲ့ ဆေးတွေဖြစ်ပြီး Sinovac အမည်ရှိတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။

အဆိုပါ ဆေးကို မိုင်းလားတပ်ဖွဲ့(MNDAA) ထိန်းချုပ်နယ်မြေတွေမှာ အကုန်လုံးနီးပါး ထိုးထားကြသလို ကချင်တပ်မတော် (KIA)ကလည်း လူဦးရေ သုံးသိန်းအတွက် ထိုးပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်းမှာလည်း သျှမ်းတပ်မတော် (SSPP/SSA) တပ်ဖွဲ့ကလည်း လူဦးရေ ငါးသိန်းစာအတွက် တရုတ်ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို စတင်ထိုးနှံနေပြီ ဖြစ်ပါတယ်။

အဲဒီဆေးကတော့ တရုတ် Cansino Bio ကုမ္ပဏီက ထုတ်လုပ်တဲ့ဆေးဖြစ်ပြီး Adenovirus အမည်ရှိတဲ့ ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။

အလားတူ ကိုးကန့်တပ်မတော် (MNDAA)တပ်ဖွဲ့ကလည်း ၎င်းတို့လှုပ်ရှားနယ်မြေတွေမှာ တရုတ်က ထုတ်လုပ်တဲ့ ကာကွယ်ဆေး ထိုးပေးနေပြီး ဘယ်အမျိုးစားလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ရက္ခိုင့်တပ်တော်(AA)နဲ့ တအာင်းတပ်မတော် (TNLA)တို့လည်း ကာကွယ်ဆေး မထိုးရသေးပေမဲ့ ၎င်းတို့ လှုပ်ရှားနယ်မြေတွေမှာ စည်းကမ်း သတ်မှတ်ချက်တွေချပြီး ကပ်ရောဂါ ကာကွယ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

AA ကတော့ ရခိုင်ပြည်နယ်မှာ အသွားအလာ ကန့်သတ်မှုတွေအတွက် အမိန့်ထုတ်ပြန်ထားပြီး TNLA လှုပ်ရှားနယ်မြေတွေမှာလည်း စစ်ဆေးရေးဂိတ်တွေ ပြုလုပ်ထားပြီး ကျေးရွာအများစုကို အဝင်အထွက် မပြုလုပ်ဖို့ ပိတ်ပင်ထားတာကို တွေ့ရပါတယ်။

AA နဲ့ TNLA တပ်ဖွဲ့ကလည်း ကာကွယ်ဆေးတွေ ထိုးဖို့လုပ်ဆောင်နေကြပြီး ကာကွယ်ဆေးထိုးဖို့ တရုတ်ဘက်ကတော့ သင်တန်းပေးပြီးမှသာ ထိုးစေချင်တဲ့သဘောမှာ ရှိနေပါတယ်။

ဒါပေမဲ့ ကိုဗစ်ကြောင့် သင်တန်းတက်ရောက်ဖို့ အခြေအနေမပေးသေးတဲ့အတွက် ကာကွယ်ဆေးထိုးနိုင်ဖို့ ကြန့်ကြာနေရတယ်လို့ TNLA မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံထုတ် ဆေးတွေကို အာရှတွေမှာ အသုံးများကြပြီး အဲဒီ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကတော့ ရှိနေဆဲ ဖြစ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly