ပါကစ္စတန်နှင့်အကြား နယ်စပ်ဖြတ်ကျော်နေရာကို သိမ်းယူပြီးနောက် တာလီဘန်တို့ အာဖဂန်နစ္စတန် နယ်စပ်မြို့၌ ရမ်းကားမွှေနှောက်ခဲ့ဟု ဆို

ပါကစ္စတန်နှင့်အကြား နယ်စပ်ဖြတ်ကျော်နေရာကို သိမ်းယူပြီးနောက် တာလီဘန်တို့ အာဖဂန်နစ္စတန် နယ်စပ်မြို့၌ ရမ်းကားမွှေနှောက်ခဲ့ဟု ဆို

ပါကစ္စတန်နှင့်အကြား အဓိက နယ်စပ်ဖြတ်ကျော်နေရာတစ်ခုကို သိမ်းယူခဲ့ပြီးပြီးချင်းမှာပင် တာလီဘန် တိုက်ခိုက်ရေးသမား အများအပြားသည် အာဖဂန်နစ္စတန်၏ နယ်စပ်မြို့ကို ရမ်းကားမွှေနှောက်ခဲ့ပြီး နေအိမ်များကို လုယက်ပစ္စည်းယူခြင်း၊ ထွက်ပြေးသွားသော အစိုးရအရာရှိများ၏ မော်တော်ယာဥ်များကို သိမ်းယူခြင်းတို့ လုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တာလီဘန်တွေက ဆိုင်ကယ်တွေ၊ ကားတွေနဲ့ စျေးထဲကို ထင်တိုင်းကြဲ ၀င်မောင်းပြီး မွှေနှောက်ခဲ့ကြတယ်” ဟု ပါကစ္စတန်နှင့်အကြား နယ်စပ်ရှိ စပင်ဘိုးဒက် နယ်စပ်မြို့မှ မြို့ခံတစ်ဦးက ဇူလိုင် ၁၅ ရက်တွင် အေအက်ဖ်ပီကို ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

“အစိုးရ အရာရှိတွေရဲ့ အိမ်တွေကနေ ပစ္စည်းတွေ ယူတာတွေ လုပ်နေကြတယ်၊ ကြည့်ရတာ သူတို့ လက်စားချေဖို့ ဆယ်စုနှစ် နှစ်စုကြာ စောင့်နေခဲ့ကြသလိုပါပဲ” ဟု ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ထိုကဲ့သို့ ပြောကြားချက်များသည် မှန်ကန်ခြင်း မရှိဟု တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

တာလီဘန် သောင်းကျန်းသူတို့သည် ပါကစ္စတန်၏ ဘာလူချစ်စတန်ပြည်နယ်သို့ တိုက်ရိုက်၀င်နိုင်သည့် လမ်းကြောင်းရှိသည့် အာဖဂန်နစ္စတန်ရှိ စပင်ဘိုးဒက် မြို့ကို ဇူလိုင် ၁၄ ရက်တွင် ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တာလီဘန်တို့ဘက်မှ နယ်စပ် ဖြတ်ကျော်နေရာများကို နောက်ထပ် သိမ်းယူမှုတစ်ခုလည်း ဖြစ်သည်။

တာလီဘန် ထောက်ခံသူများသည် နယ်စပ်၏ အာဖဂန်နစ္စတန်ဘက်ခြမ်းမှ ဖြစ်သည် ဆိုသော ဓာတ်ပုံများကို တင်ခဲ့ကြပြီး အဆိုပါ ပုံများထဲတွင် တာလီဘန်များသည် အဆောက်အအုံ အပေါ်ဘက်များတွင် ၎င်းတို့ လှုပ်ရှားမှု၏အလံများ တပ်ဆင်လွှင့်ထူနေသည်ကို ပြသထားသည်။

အခြားဓာတ်ပုံများထဲတွင် စွန့်ပစ်ထားခဲ့သည့် နေအိမ်များနှင့် ပရိဘောဂပစ္စည်းများနှင့် အ၀တ်အစားများ ပြန့်ကျဲနေသည်တို့ကို တွေ့ခဲ့ရသည်။ ယင်းတို့ထဲတွင် ၂၀၁၈ ခုနှစ်က တောင်ပိုင်းပြည်နယ် ကန်ဒါဟာတွင် လုပ်ကြံခံခဲ့ရသည့် တာလီဘန် ဆန့်ကျင်ရေး တပ်မှူးဟောင်း ဗိုလ်ချုပ်ကြီး အဗ္ဘဒူလ် ရာဇစ်၏ နေအိမ်လည်း ပါ၀င်ခဲ့သည်။

အဆိုပါ ရုပ်ပုံများကို သီးခြား အတည်ပြုရန် မဖြစ်နိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် တာလီဘန် တိုက်ခိုက်ရေးသမားများသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံတ၀န်း ၎င်းတို့ လုပ်ဆောင်သော တိုက်ခိုက်မှုများအတွင်း အာဖဂန် စစ်တပ်နှင့် ရဲအခြေစိုက်စခန်းများကို လုယက်ပစ္စည်းယူဆောင်မှုများ ရှိခဲ့ကြောင်း စွပ်စွဲခံထားရသည်။

အခြားသော သိမ်းပိုက်ထားသည့် မြို့များတွင်လည်း တာလီဘန်တို့သည် ၎င်းတို့၏ တင်းမာပြင်းထန်သော အစ္စလမ္မစ် စည်းမျဥ်းဥပဒေဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုမှုကို အလျင်အမြန်ပြန်လုပ်ထားခဲ့ပြီး မိန်းကလေးများ ပညာသင်ယူမှုအပေါ် ပိတ်ပင်ကန့်သတ်မှုများ လုပ်ဆောင်ခြင်းနှင့် အမျိုးသမီးများကို နေအိမ်များကနေ ထွက်ခွာခြင်းကို တားဆီးခြင်းတို့ လုပ်ဆောင်နေကြကြောင်း ဒေသခံများက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly