ဆစ်ဒနီမြို့ရဲ့ ကိုဗစ် ကူးစက်နှုန်း အမြန်တိုးပွားနေခြင်းက ‘နိုင်ငံ အရေးပေါ်အခြေအနေ’ ဖြစ်လာနေ

ဆစ်ဒနီမြို့ရဲ့ ကိုဗစ် ကူးစက်နှုန်း အမြန်တိုးပွားနေခြင်းက ‘နိုင်ငံ အရေးပေါ်အခြေအနေ’ ဖြစ်လာနေ

ဇူလိုင် ၂၃

ဩစတြေးလျနိုင်ငံရဲ့ အကြီးဆုံး ဆစ်ဒနီမြို့မှာ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်တဲ့နှုန်းဟာ နောက်ထပ် စံချိန်တင်နှုန်းထား ရှိလာတာကြောင့် ပြည်နယ် အကြီးအကဲတွေက ဆစ်ဒနီမြို့ရဲ့ ကူးစက်နှုန်း အမြန်တိုးပွားနေမှုဟာ ‘နိုင်ငံ အရေးပေါ်အခြေအနေ’ ဖြစ်လာနေပြီလို့ သောကြာနေ့မှာ ပြောလာကြပါတယ်။ 

တစ်လကြာ လော့ဒေါင်းချတာဟာ ခုချိန်ထိ Delta ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုနှုန်းကို မရပ်တန့်နိုင်ကြောင်း ဝန်ခံရင်း နယူးဆောက်ဝေးလ်ပြည်နယ်က ကာကွယ်ဆေးနဲ့ ရင်းမြစ်တွေ အားချင်းအမြန် ပေးပို့ဖို့ မေတ္တာရပ်ခံ တောင်းဆိုလာပါတယ်။ 

အခု ကူးစက်နှုန်းကို အရေးပေါ်အခြေအနေအဖြစ် ကြေညာရင် ကပ်ဘေး တားဆီးရပ်တန့်နိုင်ရေးမှာ ပြည်နယ်အစိုးရတွေအတွက် ပိုပြီး ပါဝင်ဆောင်ရွက်နိုင်ဖို့ လမ်းကြောင်းတွေ ပွင့်လာစေမှာ ဖြစ်ပါတယ်။ 

“ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးမှာ နိုင်ငံရဲ့ ကိုယ်စား ကျွန်မတို့မှာ တာဝန်ရှိနေပါတယ်၊ ကူးစက်နေတဲ့နှုန်းက လျှော့တွက်ထားလို့ မဖြစ်တော့ဘူးဆိုတာ သံသယရှိစရာ မလိုတော့ပါ”ဆိုပြီး နယူးဆောက်ဝေးလ် ပြည်နယ်ဝန်ကြီးချုပ် ဂလက်ဒီက ပြောပါတယ်။ 

သူရဲ့ ပြည်နယ်မှာ  သောကြာနေ့က ကူးစက်သူသစ် ၁၃၆ ဦး ရှိခဲ့ပြီး စံချိန်တင်တာ ဖြစ်သလို စုစုပေါင်း ကူးစက်သူဦးရေဟာ အခုဆိုရင် ၁၇၈၂ ဦး ရှိပြီ ဖြစ်ပါတယ်။ 

ဗိုင်းရပ်စ်က နေရာတိုင်း ပြန့်နှံ့နေတာနဲ့အတူ နိုင်ငံလူဦးရေ ၂၅ သန်းရဲ့ ထက်ဝက်ဟာ လော့ဒေါင်းအောက် ရောက်နေချိန် အစိုးရအနေနဲ့ သူတို့ရဲ့ အားမပါလှတဲ့ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်အပေါ် အာရုံစူးစိုက်ရတော့မှာ ဖြစ်တယ်လို့ ဂလက်ဒီက ဆိုပါတယ်။ 

ဩစတြေးလျမှာ Pfizer ကာကွယ်ဆေး တင်သွင်းရာက ပြဿနာတွေနဲ့ AstraZeneca ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုအပေါ် သံသယရှိတာတွေကြောင့် လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းပဲ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံရသေးတာ ဖြစ်ပါတယ်။ 

“အနည်းဆုံးတော့ ကျွန်မတို့တွေ Pfizer ကာကွယ်ဆေးတွေ ပိုပြီး လိုအပ်ပါတယ်”လို့ ဂလက်ဒီက ပြောပြီး ဆစ်ဒနီမြို့ခံ ငါးသန်းအနေနဲ့ အောက်တိုဘာလအထိ စည်းမျဉ်းစည်းကမ်းတွေအောက် နေသွားရနိုင်တယ်လို့ သတိပေးပါတယ်။ 

ဆစ်ဒနီမြို့က အထူးဧရိယာတွေမှာ မရှိမဖြစ် မဟုတ်တဲ့ အလုပ်သမားတွေကို အပြင်ထွက်လာခြင်းကနေ တားမြစ်ရလိမ့်မယ်လို့လည်း သူက ပြောပြီး လာမယ့် သီတင်းပတ်အထိ သက်တမ်းတိုးဖို့ သေချာသလောက် ရှိနေတဲ့ လော့ဒေါင်းချတာကို တင်းကြပ်ရလိမ့်မယ်လို့ ဆိုပါတယ်။ 

“လာမယ့် သောကြာနေ့အထိ ကူးစက်မှု သုညမှတ်နားထိ ရောက်မှာမဟုတ်တာတော့ သိပ်ပေါ်လွင်ပါတယ်၊ ဩဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွက် လာမယ့် သီတင်းပတ်ကို ကျိန်းသေ လော့ဒေါင်းချဖြစ်ဖို့ ရှိတယ်”လို့ ဂလက်ဒီက ပြောခဲ့ပါတယ်။ 

ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က နိုင်ငံရဲ့ နှေးကွေးတဲ့ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်အတွက် ကြာသပတေးနေ့က တောင်းပန်စကားဆိုပြီး ရည်မှန်းမှတ်ကို မရောက်ရှိကြောင်း  ဝန်ခံခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly