ပဲခူးထောင်တွင်း ကိုဗစ်-၁၉ ကူးစက်ခံနေရသူများ ဆေးဝါးကုသမှု အရေးပေါ်လိုအပ်

ပဲခူးထောင်တွင်း ကိုဗစ်-၁၉ ကူးစက်ခံနေရသူများ ဆေးဝါးကုသမှု အရေးပေါ်လိုအပ်

ဇူလိုင် ၂၃

ပဲခူးအကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုခံရနေပြီး ဆေးဝါးကုသမှုအရေးပေါ်လိုအပ်နေကြောင်း အကျဉ်းဦးစီးဌာနတွင် သတင်းအရင်းအမြစ်ကပြောသည်။ 

လက်တလောရရှိသည့် အချက်အလက်များအရ ကိုဗစ်-၁၉ ဖြစ်ပွားနေသူများတွင် စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြခဲ့၍ ၅၀၅ (က) ဖြင့်အမှုဖွင့်ခံထားရသူအများပါဝင်ပြီး ဆေးဝါးနှင့်ကုသမှုအပိုင်းမရရှိဟုဆိုသည်။

လွန်ခဲ့သည် ရက်အနည်းငယ်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့ခဲ့သည့် ပဲခူးအကျဉ်းထောင်အတွင်းမှ ပေးပို့ခဲ့သည့် စာတစ်စောင်အဆိုရ ထောင်အတွင်းကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုများပြားနေရာ အကူညီလိုအပ်နေကြောင်း ရေးသားဖော်ပြထားသည်။ 

"ဒီစာရတော့ ကျွန်တော်တို့ ပိုစိတ်ပူသွားတယ်။ ထောင်ဝင်စာကလည်း ပို့မရတော့ ဘယ်လိုလုပ်ရမလဲမသိဘူး။ နောက်တခုက သူ့အသက်အန္တရယ်အတွက်လည်း စိတ်ပူတယ်။ "ဟု ပဲခူးအကျဉ်းထောင်အတွင်းမှ စာပေးပို့အကူညီတောင်းခဲ့သည်ဆိုသော အမျိုးသားနှင့် ရင်းနှီးသူတစ်ဦးကပြောသည်။ 

အဆိုပါစာထဲအရ ယခုလအတွင်း ထောင်ဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်ရောဂါစတင်တွေ့ရှိခဲ့ပြီးနောက် အကျဉ်းသားများမှာပါ အနံပျောက်သူ၊ဖျားနာသူများရှိခဲ့ပြီး အနံ့ပျောက်သူများကို တိုက်ပိတ်ထားကြောင်းပါရှိသည်။ 

ထောင်တွင်းကိုဗစ်ကူးစက်မှုကို အပြင်သို့မပေါက်ကြားအောင် သတင်းအမှောင်ချထားကြောင်းနှင့် အဆောင်အပေါ်ထပ်မှာ တာလပတ်ကာ၍ထားသည်၊ အောက်ဆီဂျင်အိုးများနှင့် အလုပ်ရှုတ်နေသည်ဟုလည်း ရေးသားထားသည်။ 

စစ်ကောင်စီ၏သတင်းဌာနဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကတော့ ပဲခူးထောင်အတွင်းကိုဗစ်ပိုးပြန်နှံ့နေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့သည်။ 

ဇူလိုင်လ ၁၀ ရက်နေ့က စတင်ပြီး ပဲခူးအကျဉ်းထောင်အတွင်း ထောင်ဝင်စာပေးပို့ခွင့်ကို အာဏာပိုင်များကပိတ်ပင်ထားပြီး တရားရုံးထုတ်ခြင်းပါရွှေ့ဆိုင်းထားသည်။ ထို့အဖြစ်ကလည်း ထောင်တွင်းအခြေအနေနှင့်ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်ပူပန်မှုများကို တိုးစေခဲ့သည်။

ပဲခူးမြို့တွင် ကိုဗစ်-၁၉ တကျော့ပြန်ဖြစ်ပွားမှု ဇွန်လက စတင်ခဲ့ပြီး ဇူလိုင်လအတွင်းဖြစ်ပွားမှုပိုမိုမြင့်တက်နေကာ သေဆုံးမှု နေ့စဉ်ရှိနေခဲ့သည်။ ပဲခူးမြို့က ကိုဗစ်ကုသဆောင်များတွင် လက်ရှိအချိန်တွင် ကိုဗစ်အတည်ပြု လူနာ ၁,၀၀၀ကျော်ဆေးကုမှုခံယူနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly