ဇောက်ထိုးမိုးမျှော် ယဉ်ကျေးမှု နိဂုံးချုပ်သင့်ပြီ်

ဇောက်ထိုးမိုးမျှော် ယဉ်ကျေးမှု နိဂုံးချုပ်သင့်ပြီ်

လွန်ခဲ့တဲ့ သုံးလလောက်က မကွေးတိုင်း စေတုတ္တရာမြို့ကလေး ရေဘေးဒဏ် ခံခဲ့ရပါတယ်။ တမြို့လုံး နလံမထူနိုင်အောင် ရေနစ်မြုပ်ခံရပါတယ်။ မြို့သူမြို့သားတွေဟာ ရွှံ့တွေနုံးတွေ နစ်မြုပ် နေတဲ့ သူတို့ရဲ့ အိုးအိမ်တွေ၊ လယ်ယာကိုင်းကျွန်းတွေကို အပူးတပြင်း ပြန်လည်ထူထောင်နိုင်ဖို့ လုပ်ကြရပါတယ်။ သဘာဝဘေးဥပါဒ်ဒဏ်က ကြီးမားလွန်းတော့ ဝန်နဲ့အားမမျှအောင် ဖြစ်ရပါတယ်။

ဒီလို ရေဘေးဒဏ်နဲ့ မချိမဆန့် ပြန်လည်ထူထောင်ဖို့ လုံးပမ်းနေရတဲ့အချိန်မှာ အစိုးရကလည်း ထိရောက်တဲ့အကူအညီ မပေးနိုင်ပါဘူး။ စေတနာ့ဝန်ထမ်း တစ်ဦးချင်း ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေက သာ တတ်အားသရွေ့ အကူအညီ ပေးကြရပါတယ်။ မြို့သူမြို့သားတွေဟာ အဲဒီရက်အတွင်း သောကတွေ ပရိဒေဝမီးတွေ တောက်လောင်နေတဲ့ အချိန်ပါပဲ။

အဲသလိုအချိန်မှာပဲ တိုင်းက အရေးကြီးပုဂ္ဂိုလ် လာဖို့ရှိလို့ မြို့က တာဝန်ရှိသူတွေက မြို့လည်လမ်းကို ကမန်းကတန်း ပြင်ပါတယ်။ ြမို့ထိပ်က လမ်းဆုံမှာ တနေ့ထဲအပြီး အလှပြ ပန်းခြံလေး တည်ပါ တယ်။ ပန်းပင်တွေ ထင်းရှူးပင်တွေ အပင်လိုက် နှုတ်လာပြီး စိုက်ပါတယ်။ သစ်ပင်ဟူသမျှ ထုံးတွေ သုပ်ပါတယ်။ လူကြီးလမ်းကြောင်း ရှိလို့ဆိုပြီး တင်စားပြီးပြောရရင် မြို့ကို မိတ်ကပ်လိမ်းပါ တော့တယ်။

အမှန်တကယ် ပြုပြင်ရမှာ ကူညီရမှာ ဖေးမရမှာက ရေဘေးဒဏ်သင့် ကိုယ့်ရဲ့ပြည်သူတွေ မြို့သူမြို့သားတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို တမြို့လုံးဒုက္ခတွေ ခါးဆီးခံစားနေရတာကို မြို့ရဲ့ တာဝန်ရှိသူတွေဟာ ပထမဦးစားပေးအနေနဲ့ ပြန်လည်ထူထောင်ရေး ကူညီကယ်ဆယ်ရေး အလုပ်တွေကို ဦးစီး ဆောင်ရွက်ကြရမယ့် အချိန်ပါပဲ။ ဒါပေမယ့် အဲဒီ ကူညီကယ်ဆယ်ရေး အလုပ် ထက် သူတို့ဟာ လူကြီးလာမှာဖြစ်လို့ သစ်ပင်တွေထုံးသုပ် ပန်းပင်တွေ အပင်လိုက်ပြန်စိုက်ပြီး လူကြီး စိတ်ချမ်းသာဖို့ လူကြီး မျက်စိပသာဒ လှဖို့ကိုပဲ ဦးစားပေးခဲ့ကြပါတယ်။

ဒါကိုပြန်ကြည့်ရင် တချို့ကလည်း ဒီလိုလုပ်ကြတာဟာ အပေါ်ကလူကြီးက ဒီလောက်မဟုတ် ဘူး အောက်ကလူတွေကိုက ဖေါ်လံဖါးဖို့ လုပ်တာသာ ဖြစ်တယ်ဆိုတာမျိုးလည်း ပြောကြတာရှိပါ တယ်။ တကယ်တော့ ဒီလိုယဉ်ကျေးမှုမျိုး ဒီလိုအတွေးအခေါ်မျိုး ဒီလို မယောင်ရာဆီလူးတဲ့ အဖြစ် မျိုးက အထက်ကလူကြီး ကိုယ်တိုင်က သိသိကြီးနဲ့ သဘောကျ နှစ်ခြိုက်လို့သာလျင် အောက်ကလူ တွေက အများပြည်သူ ဒုက္ခရောက်နေချိန် ဆိုတာကိုတောင်မှ မျက်ကွယ်ပြု့ပြီး အခုလို ဖေါ်လံဖါးဖို့ လုပ်ကြတာပဲ ဖြစ်ပါတယ်။

တခါတလေ လူကြီးလမ်းကြောင်း ရှိလို့ဆိုပြီး လမ်းတွေ ပိတ်ထားတာမျိုး၊ စာသင်ကျောင်းက ကျောင်းသားတွေ ရပ်ကွက်နဲ့ ကျေးရွာကလူတွေကို တစ်အိမ်တစ်ယောက် မလာမနေရ လူကြီးကြို ဆိုရေး သွားကြရတာမျိုးတွေလည်း ရှိပါတယ်။

တစ်ခါ မနေ့တနေ့ကပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လက်အုပ်ချီပြီး ကြိုဆိုသင့် မသင့် ဆိုတဲ့ အယူအဆကို စာနယ်ဇင်းနယ်ပယ်မှာ ငြင်းကြခုန်ကြတာ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ တစ်ခေတ် တစ်ခါတုန်းကတော့ ကလေးကအစ အသက်ခြောက်ဆယ်ကျော် လူကြီးသူမတွေအဆုံး ရုံးလုလင် မှအစ တက္ကသိုလ်ပါမောက္ခအဆုံး အစိုးရတာဝန်ရှိသူများ လာရောက်တဲ့အခါ လက်အုပ်ချီပြီး ဂါရဝပြု ကြတဲ့ အဲသလိုပြုမှလည်း သဘောကျကြတဲ့ အဲသလို ဂါရဝပြုတဲ့ ယဉ်ကျေးမှုကို ချမှတ်ပေးကြတဲ့ အခြေအနေမျိုး ရှိခဲ့တာ အမှန်ပါပဲ။ ဒါဟာ လူတွေကို ရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ထားဖို့နဲ့ တာဝန်ရှိသူတွေ ဟာ အရှင်သခင်တွေ ဖြစ်တယ်ဆိုတဲ့ အတွေး တွေးမိလာရအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးဖြစ်ထွန်း စေခဲ့တာ ဖြစ်တယ်လို့လည်း ဝေဖန် ထောက်ပြကြပါတယ်။

တကယ်တော့လည်း ဒီလို ရဟန်းသံဃာတော်များ အပေါ်မှာသာ ဆောင်ရွက်ကြရမှာဖြစ်တဲ့ လက်အုပ်ချီ ရိုကျိုးပြသမှုကို လူသားအချင်းချင်း ဖြစ်ပါလျက် တမင် ချိုးနှိမ်ဆက်ဆံနိုင်ဖို့ တာဝန်ရှိသူ တွေကို လက်အုပ်ချီ ဂါရဝပြုစေတာဟာ အခွင့်အရေးတွေကို တန်းတူမယူပဲ လွန်ကဲတဲ့ အခွင့်အရေး တွေ ပိုင်ဆိုင်ထားကြတဲ့ အာဏာမက်မောသူ အာဏာရှင်များကသာ ချမှတ်ဖြစ်ထွန်းစေခဲ့တဲ့ ဇောက်ထိုးမိုးမျှော် ယဉ်ကျေးမှု ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယခုအခါမှာတော့ အခုလို လူအချင်းချင်း ချိုးနှိမ်ဆက်ဆံတဲ့ ယဉ်ကျေးမှုမျိုးတွေ ပြောင်းလဲဖို့ အချိန်ကျပြီဆိုတဲ့ ခေါင်းစဉ်အောက် ရောက်ရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ အရှင်သခင်များ အစစ်အမှန်ဖြစ်တဲ့ ပြည်သူများကိုသာ တိုင်းပြည်ရဲ့ ကျေးကျွန်များဖြစ်ကြတဲ့ တာဝန်ရှိ သူများက ရိုးကျိုးကြရမှာဖြစ်လို့ အခုလို ဇောက်ထိုးမိုးမျှော် အယူအဆများ အမြန်ဆုံး နိဂုံးချုပ်ငြိမ်း သင့်ပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly