ကြာအင်းဆိပ်ကြီး ရပ်ကွက်အချို့ ရေကြီးနစ်မြုပ်မှုကြုံ

ကြာအင်းဆိပ်ကြီး ရပ်ကွက်အချို့ ရေကြီးနစ်မြုပ်မှုကြုံ

ဇူလိုင် ၂၃

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇမိမြစ်ရေ မြင့်တက်လာပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့ရှိ နေအိမ်များ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရသည်။

ဇမိမြစ်ရေသည် စိုးရိမ်ရေမှတ်ဖြစ်သော ၃၅ ပေအနီးကိုရောက်ရှိနေပြီး မြေနိမ့်ပိုင်းရပ်ကွက်တစ်ခု ဖြစ်သော ရပ်ကွက် (၆)၏ အိမ်ခြေ အများစု ရေဝင်နေသည်ဟု ဒေသခံများကပြောသည်။

" ဇမိမြစ်ရေကြီးရင် ဒုက္ခရောက်တာပဲ။ မိုးလည်း ဆက်ရွာနေလို့ တော်တော်လေး သတိထားရေတယ်"လို့ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နှစ် မိုးတွင်းကာလက ကြာအင်းဆိပ်ကြီးမြို့နယ် ရေဘေးမှာ လှေနစ်မြုပ်ပြီး လူသေဆုံးမှု ကြုံတွေ့ခဲ့ရဖူးသည်။

မြဝတီမြို့မှာလည်း သောင်ရင်းမြစ်ရေမြင့်တက်လာလို့ ရေဘေးကြိုတင်သတိရှိဖို့ မြို့ခံတွေကို ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေက သတိပေးထားသည်။ 

မြန်မာနှင့်ထိုင်းနယ်စပ် သောင်ရင်းမြစ်သည် ဇူလိုင် ၂၁ရက်ကစပြီး ရုတ်တရက်မြင့်တက်လာပြီးနောက် မြဝတီမြို့နယ် မြေနိမ့်ပိုင်းကျေးရွာများတွင်လည်း ရေကြီးနစ်မြုပ်မှု စတင်ကြုံနေရပြီဟု ဒေသခံများက ပြောသည်။ 

" ကိုဗစ်ကလည်း ဆိုးနေတယ်။ သောင်ရင်းမြစ်ရေတက်လာရင် ရေဘေးကလည်း ကြုံအုံးမယ်။ စိုးရိမ်စရာတွေချည်းပဲ"ဟု ဒေသတွင်းလူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးကပြောသည်။

သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေကျော် မြင့်တက်နေကြောင်း မိုးဇလဌာနက ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။ မြဝတီမြို့ရဲ့ သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်သည် ၉၆၃ စင်တီမီတာ(၃၁ပေခန့် ) ဖြစ်ပြီး ဇူလိုင် ၂၃ ရက်မနက် တိုင်းတာချက်အရ ၉၈၆ စင်တီမီတာကိုရောက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိကာလမှာ ဘဂ်လားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေလို့ မုတ်သုံလေအားကောင်းနေပြီး ကရင်၊မွန်၊ရခိုင်ပြည်နယ်နဲ့ တနသ်ာရီတိုင်းမှာ နေရာကွက်မိုးကြီးမယ့်အခြေအနေရှိနေတယ်လို့ မိုးဇလဌာနက သတိပေး ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly