အိန္ဒိယ၏ စီးပွားရေး V-ပုံစံ ပြန်လည်တိုးတက်နိုင်မည်

By khaleejtimes.com
22 July 2021
အိန္ဒိယ၏ စီးပွားရေး V-ပုံစံ ပြန်လည်တိုးတက်နိုင်မည်

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်ဒုတိယလှိုင်း၏ အကျိုးသက်ရောက်မှုကြောင့် အားနည်းခဲ့သော်လည်း ပြုပြင်ပြောင်း လဲမှုအများအပြားကြောင့် V-ပုံစံပြန်လည်တိုးတက်လာနိုင်ကြောင်း အစိုးရ၏ စီးပွားရေး အကြံပေး အကြီးအကဲ ဆက်ရာမန်နီအမ်က ပြောကြားခဲ့သည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုအမျိုးမျိုးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနှုန်းရလဒ်ကြောင့် နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ၆ ဒသမ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ တိုးတက် လာနိုင်သည်။

ဒုတိယလှိုင်း၏ သက်ရောက်မှုသည် ကြီးမားလိမ့်မည်မဟုတ်ကြောင်း ဆက်ရာမန်နီအမ်က မျှော်လင့်ထားသည်။ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းပြည်၏ စီးပွားရေးသည် ၇ ဒသမ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

“ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ကာကွယ်ဆေးထိုးတာကို အဓိကထားတာကြောင့် စီးပွားရေးက ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ၆ ဒသမ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပြီး အဲဒီကနေ အရှိန်ရလာ မယ်လို့ မျှော်လင့်ပါတယ်” ဟု Dun & Bradstreet က ပြုလုပ်သော အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် ဆက်ရာမန်နီအမ်က ပြောကြားခဲ့သည်။

"သမိုင်းက ဒီကာလကိုပြန်လှည့်ကြည့်တဲ့အခါ ဒီပြုပြင်ပြောင်းလဲရေးတွေက ၁၉၉၁ ခုနှစ်က ပြုပြင်ပြောင်း လဲရေးလိုပဲ လမ်းခွဲထွက်လာတာ တွေ့ရပါလိမ့်မယ်" ဟု သူက ပြောသည်။

၂၀၂၀ပြည့်နှစ် စတုတ္ထသုံးလပတ်၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ အနုတ်လက္ခဏာပြခဲ့ပြီး အိန္ဒိယ၏ ကြံ့ကြံ့ခံနိုင်မှု ကိုပြသရန် စုစုပေါင်းပုံသေအရင်းအနှီးဖွဲ့စည်းမှုနှင့် စားသုံးမှုကဲ့သို့သောအခြားအညွှန်းကိန်းများကို ဆက်ရာမန်နီအမ်က ညွှန်ပြခဲ့သည်။

အိန္ဒိယသည် ယခုဆယ်စုနှစ်အတွင်း ၇ ရာခိုင်နှုန်းတိုးတက်မှု စဉ်ဆက်မပြတ်တိုးတက်လိမ့်မည်ဟု ယုံကြည်ကြောင်း သူက ပြောကြားခဲ့သည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း အပြုသဘောတိုးတက်မှုနှင့် ပြန်လည်နလံထမှုရှိနေသော်လည်း စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း သိသိသာသာကျဆင်းလာလိမ့်မည်ဟု အိန္ဒိယအရန်ဘဏ် (RBI) က ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly