ကမ္ဘာ့ အမာကျောဆုံး self-healing material ကို အိန္ဒိယ သိပ္ပံပညာရှင်များ တီထွင်ဖန်တီး

By Telegraph India
22 July 2021
 ကမ္ဘာ့ အမာကျောဆုံး self-healing material ကို အိန္ဒိယ သိပ္ပံပညာရှင်များ တီထွင်ဖန်တီး

အိန္ဒိယနိုင်ငံ ဘန်ဂေါ သိပ္ပံပညာရှင်များသည် ကမ္ဘာ့အမာကျောဆုံး၊ အတောင့်တင်းဆုံးဟု သိရသော self-healing material (အလိုလို ပြန်ကောင်းအောင် ပြုပြင်ကုစားနိုင်သည့် အရာ) ကို ဓာတ်ခွဲခန်း ကြိုးပမ်းမှုတစ်ခုတွင် ဖန်တီးတည်ဆောက်ခဲ့ပြီး ၎င်းတို့၏ အဆိုအရ အဆိုပါ ဖန်တီးတည်ဆောက်မှုကနေတဆင့် အက်ကွဲမှုများကို အချိန်တစ်စက္ကန့်သာသာအတွင်း အလိုအလျောက် ပြုပြင်ကောင်းမွန်နိုင်သည့် မိုဘိုင်းဖုန်း screen များကို ဖြစ်ပေါ်ရရှိစေနိုင်သည်ဟု သိရသည်။

ကိုးလ်ကတ္တား ရှိ အိန္ဒိယ သိပ္ပံဆိုင်ရာ ပညာရေးနှင့် သုတေသန အင်စတီကျူ့နှင့် ခါရဂပူရ် ရှိ အိန္ဒိယနည်းပညာ အင်စတီကျူ့တို့မှ သုတေသီများသည် ဇီ၀အခြေခံ ထွင်းဖောက်မြင်နိုင်သော အရာပစ္စည်းတစ်ခုကို ဖန်တီးခဲ့ပြီး ယင်းတွင် ထိခိုက်ပျက်စီးချိန် ယင်းဘာသာ အလိုအလျောက် ပြုပြင်နိုင်သော တစ်မူထူးခြားသည့် အတွင်းပိုင်း မော်လီကျူးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုရှိကြောင်း သိရသည်။

သိပ္ပံပညာရှင်များသည် အဆိုပါ အရာပစ္စည်း၏ အပိုင်းနေရာတစ်ခုတွင် မပြင်းထန်သော အက်ကွဲရာများကနေ ပြင်းထန်သော အက်ကွဲရာများအထိ ဖြစ်စေရန် အပ်တစ်ချောင်း သုံးကာ လုပ်ဆောင်ခဲ့ပြီးနောက် အပ်၏ ဖိအား ပြေလျော့ ပျောက်ပျက်သွားပြီးနောက် တစ်စက္ကန့်၏ အပိုင်းဂဏန်းတစ်ခုအတွင်း အဆိုပါ အက်ကွဲရာများ ယင်းတို့ဘာသာ အလိုအလျောက် ပြန်ကောင်းသွားသည်ကို စောင့်ကြည့်ခဲ့ကြသည်။

Self-healing material များကို ဆယ်စုနှစ် သုံးစုကျော်ကြာ ကမ္ဘာတ၀န်း လေ့လာမှုများ လုပ်ဆောင်ထားခဲ့ပြီး ယင်းတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသုံးချလုပ်ကိုင်မှုနယ်ပယ်ထဲ

ရောက်ရှိထားခဲ့သည်။ အဓိကအားဖြင့် ဆောက်လုပ်ရေး၊ မော်တော်ကားနှင့် လေကြောင်း လုပ်ငန်းတွင်းရှိ အလွယ်တကူ ထိခိုက်ပျက်စီးနိုင်ခြင်းမရှိသည့် အရာများအတွက် ဖြစ်သည်။

ထို့ပြင် ယင်းတို့သည် အလိုအလျောက် ပြန်လည်ပြုပြင်ကောင်းမွန်သော စဥ်းနီတုံးများ ပုံစံဖြင့် မီးဖိုချောင်များသို့လည်း ၀င်ရောက်ထားခဲ့သည်။

သို့သော် အားလုံး သိထားသည့် self-healing materials အားလုံးနီးပါးသည် ပျော့ပြောင်းပြီး ရုပ်လုံးသဏ္ဍာန် မပီပြင်ဘဲ ယင်းတွင် မညီမညာမှုများနှင့် အပြစ်အနာအဆာများ ထင်နေသည့် အတွင်းပိုင်း ဖွဲ့စည်းမှုတစ်ခု ရှိနေကာ ယင်းတို့သည် ယင်းတို့ဘာသာ ပြန်လည်ပြုပြင်ကောင်းမွန်ရန်အတွက် အပူ၊ အလင်း သို့မဟုတ် ဓာတုပစ္စည်း စသည်တို့ကဲ့သို့သော ပြင်ပ လှုံ့ဆော်မှု အရာတစ်ချို့ လိုအပ်သည်။

“ကျွန်တော်တို့ရဲ့ self-healing material ကတော့ အခြားဟာတွေထက် ၁၀ ဆ ပိုပြီး မာကျောပါတယ်” ဟု သုတေသနကို ဦးဆောင်ခဲ့သည့် IISER မှ ဓာတုဗေဒသိပ္ပံဆိုင်ရာ ပါမောက္ခ ချီလာ မော်လာ ရက်ဒီက ပြောသည်။

“ပြီးတော့ သူ့မှာက ထိုးဖောက်မြင်နိုင်တဲ့ ဖွဲ့စည်းမှုတစ်ခု ရှိသလို ကောင်းကောင်း စီစဥ်တကျ ရှိတဲ့ အတွင်းပိုင်း ဖွဲ့စည်းမှုတစ်ခု၊ အီလက်ထရောနစ်နဲ့ အမြင်ဆိုင်ရာ အသုံးချလုပ်ကိုင်မှု အများစုထဲမှာ အသင့်လျော်ဆုံး တည်ဆောက်ပုံတစ်ခုတို့ ရှိပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ရက်ဒီ နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဘက်များသည် ဇီ၀အခြေခံ material တစ်ခု၏ အလွန်သေးငယ်ပြီး တစ်မူထူးသော ပုံဆောင်ခဲများကို ဖန်တီးခဲ့ကြပြီး ယင်းတို့ တစ်ခုစီတိုင်းသည် အရှည် ၁ မီလီမီတာမှ ၂ မီလီမီတာ၊ အနံ၊ဗြက် ၀ ဒသမ ၁ မီလီမီတာမှ ၀ ဒသမ ၂ မီလီမီတာ ရှိသော အပ်ပုံစံ ပုံဆောင်ခဲများ ဖြစ်သည်။

ပုံဆောင်ခဲများ၏ မော်လီကျူးဆိုင်ရာ စီစဥ်မှုက အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သည့်အချိန် မျက်နှာပြင်နှစ်ခုအကြားရှိ အားကောင်းစွာ ဆွဲဆောင်သည့် အားတစ်ခုကြောင့် အက်ကွဲမှုများကို ပြန်ဆက်သွားစေမည်ဖြစ်သည်။

သိပ္ပံပညာရှင်များသည် ၎င်းတို့၏ လက်တွေ့စမ်းသပ်ချက် ရလဒ်များကို အမေရိကန် သုတေသန ဂျာနယ် Science တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly