ကိုဗစ်-၁၉ အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့စဥ် အိန္ဒိယ၏ ကားတင်ပို့မှု ပြန်ကောင်းလာ

ကိုဗစ်-၁၉ အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့စဥ် အိန္ဒိယ၏ ကားတင်ပို့မှု ပြန်ကောင်းလာ

ကပ်ရောဂါ ထိန်းချုပ်မှုအခြေအနေ တိုးတက်ကောင်းမွန်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံမှ မော်တော်ကား ပြည်ပတင်ပို့မှုများသည် ပထမသုံးလပတ်ကာလအတွင်း ပြန်လည်နာလန်ထူ ကောင်းမွန်လာခဲ့ပြီး passenger vehicle (လူ အများအပြား စီးနင်းနိုင်သည့် ကား) များနှင့် မော်တော်ဆိုင်ကယ်များအပါအ၀င် ယာဥ်ကဏ္ဍအမျိုးအစားအားလုံးသည် အမျိုးမျိုးသော နိုင်ငံတကာ စျေးကွက်များတွင် တိုးတက်မှု ရရှိနေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

(အိန္ဒိယ မော်တော်ကားထုတ်လုပ်သူများ အသင်း) SIAM ၏ ယခုနောက်ဆုံး ထုတ်ပြန်ခဲ့သော ဒေတာအချက်အလက်များအရ ယခု ဘဏ္ဍာနှစ် ဧပြီ-ဇွန် သုံးလပတ်ကာလအတွင်း ယာဥ် တင်ပို့မှု စုစုပေါင်းသည် စီးရေအားဖြင့် ၁၄,၁၉,၄၃၀ ရှိခဲ့ရာ ယင်းကို ၂၀၂၀-၂၁ အလားတူကာလအတွင်းက စီးရေ ၄၃၆,၅၀၀ နှင့် နှိုင်းယှဥ်နိုင်သည်။ အဆိုပါ ၂၀၂၀-၂၁ ကာလသည် နိုင်ငံတ၀န်း ကိုဗစ် လော့ခ်ဒေါင်းများကြောင့် ကြီးမားသော ပျက်ပြားတုံ့ဆိုင်းမှုများကို မြင်တွေ့ခဲ့ရပြီး ရောင်းအားပိုင်းနှင့် ပြည်ပသို့ တင်ပို့မှုပိုင်းအပေါ် အဟန့်အတားဖြစ်စေခဲ့သည်။

မော်တော်ဆိုင်ကယ် ပြည်ပတင်ပို့မှုများမှာ အစောပိုင်းသုံးနှစ်ကထက် ပိုမို ကောင်းမွန်နေခဲ့သော်လည်း passenger vehicles များ၊ သုံးဘီးယာဥ်များနှင့် လုပ်ငန်းသုံးကားများ ပြည်ပတင်ပို့မှု ကိန်းဂဏန်းများသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပထမသုံးလပတ်က ကိန်းဂဏန်းများကို လိုက်မှီနိုင်သေးခြင်း မရှိကြောင်း SIAM ၏ ညွှန်ကြားရေးမှူးချုပ် ရာဂျက်ရှ် မီနွန်က ပီတီအိုင်ကို ပြောသည်။

“၂၀၂၁-၂၂ ပထမသုံးလပတ်ရဲ့ ပြည်ပတင်ပို့မှု ကိန်းဂဏန်းတွေကို ကျွန်တော်တို့ နှိုင်းယှဥ်ကြည့်တဲ့အခါမှာ ဆိုင်ကယ်တင်ပို့မှုက အရင်သုံးနှစ်ကထက် ပိုအားကောင်းလာတာကို တွေ့ခဲ့ရပါတယ်၊ ဒါပေမယ့် လူအများအပြား စီးနင်းနိုင်တဲ့ လူစီးကားတွေ၊ သုံးဘီးယာဥ်တွေနဲ့ လုပ်ငန်းသုံးကားတွေနဲ့ပတ်သက်လို့ကတော့ ၂၀၁၈-၁၉ ပထမသုံးလပတ်က ကိန်းဂဏန်းတွေက ပိုမြင့်မားနေပါသေးတယ်” ဟု ၎င်းက ပြောသည်။

ဧပြီ-ဇွန် သုံးလပတ်အတွင်း နိုင်ငံမှ passenger vehicle ကား တင်ပို့မှုများသည် စီးရေ ၁၂၇,၁၁၅ စီး ရှိနေရာ ယင်းကို ၂၀၂၀-၂၁ အလားတူကာလက စီးရေ ၄၃,၆၁၉ နှင့် နှိုင်းယှဥ်နိုင်သည်။

Passenger car (ယာဥ်မောင်းအပါအ၀င် လူကိုးဦးထက်မပိုသော လူစီးကား) တင်ပို့မှုသည် ၇၉,၃၇၆ စီး ဖြင့် ရှိနေခဲ့ပြီး ဘက်စုံသုံးယာဥ် တင်ပို့မှုက စီးရေ ၄၇,၁၅၁ စီး ရှိခဲ့သလို ဗင်ကား တင်ပို့မှုက စီးရေ ၅၈၈ စီး ရှိခဲ့ကြောင်း သိရသည်။

Passenger vehicle တင်ပို့မှုကဏ္ဍတွင် Maruti Suzuki India က ပြည်ပတင်ပို့သည့် စီးရေ ၄၅,၀၅၆ စီးနှင့်အတူ ဦးဆောင်ထားခဲ့ပြီး ယင်းနောက်တွင် အဆိုပါသုံးလပတ်ကာလအတွင်း စီးရေ ၂၉,၈၈၁ စီး တင်ပို့ခဲ့သည့် Hyundai Motor India က ကပ်လိုက်ထားခဲ့သည်။

အဆိုပါ သုံးလပတ်ကာလအတွင်း Kia Motors ၏ ပြည်ပတင်ပို့မှုက စီးရေ ၁၂,၄၄၈ စီး ဖြစ်ပြီး Volkswagen India က စီးရေ ၁၁,၅၆၆ စီး တင်ပို့ခဲ့သည်။

တချိန်တည်းမှာပင် မော်တော်ဆိုင်ကယ် တင်ပို့မှုများက ဧပြီ-ဇွန်လအကြား ကာလအတွင်း စီးရေ ၁၁,၃၇,၁၀၂ စီး ရှိခဲ့ပြီး ယင်းကို ၂၀၂၀ ဘဏ္ဍာနှစ်၏ အလားတူကာလက စီး‌ရေ ၃၃၇,၉၈၃ စီးဖြင့် နှိုင်းယှဥ်နိုင်သည်။

အလားတူ လုပ်ငန်းသုံးကားတင်ပို့မှုများက ပထမသုံးလပတ်အတွင်း စီးရေ ၁၆,၀၀၆ စီးဖြင့် ရှိခဲ့ရာ ယင်းကို ၂၀၂၀-၂၁ ဧပြီ-ဇွန်ကာလအတွင်း စီးရေ ၃,၈၇၀ ဖြင့် နှိုင်းယှဥ်နိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly