ဒီဇင်ဘာ ၉၊ ရန်ကုန်။ ။ စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၁၅ ခုနှစ် ၈ ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ပြိုင်နေသော မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်ကစားသမား ကျော်ကျော်ဝင်းသည် နိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ် တစ်ခု ထပ်မံရယူ ပေးခဲ့သည်။
ပြေးခုန်ပစ်ကစားသမား ကျော်ကျော်ဝင်းသည် အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် စံချိန်သစ်တင်ကာ မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်ရယူပေးထားသည့်အပြင် ဒီဇင်ဘာ ၈ ရက်က ကျင်းပခဲ့သော အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ တွင်လည်း နောက်ထပ်ရွှေတံဆိပ်တစ်ခု ရယူပေးခဲ့သည်။
ရွှေတံဆိပ်နှစ်ခု ရယူပေးထားသည့် ပြေးခုန်ပစ်ကစားသမား ကျော်ကျော်ဝင်းသည် ပြိုင်ပွဲမတိုင်မီ၌ နိုင်ငံအတွက် အနည်းဆုံး ရွှေတံဆိပ် နှစ်ခု ရယူပေးမည်ဟု မဇ္ဈိမသို့ ပြောခဲ့ဖူးပြီး လက်ရှိ အချိန်တွင် ရွှေတံဆိပ် နှစ်ခုနှင့်အတူ သက်သေ ပြနိုင်ခဲ့သည်။
လက်ရွေးစင် ပြေးခုန်ပစ်ကစားသမား ကျော်ကျော်ဝင်းသည် ၈ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမတိုင်မီက တရုတ်နိုင်ငံသို့ သွားရောက်ကာ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည့် ၂၀၁၄ ခုနှစ် ၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင်လည်း ကျော်ကျော်ဝင်းသည် နိုင်ငံအတွက် ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် နှစ်ခုတို့ကို
ရယူပေးထားသည်။
၈ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဝင်ပြိုင်နေသော မြန်မာမသန်စွမ်းအားကစားအဖွဲ့ သည် ဒီဇင်ဘာ ၈ ရက်အပြီးတွင် ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၁၆ ခု၊ ကြေးတံဆိပ် ၂၈ ခုရရှိကာ နိုင်ငံအလိုက် အဆင့် ၇ နေရာတွင် ရပ်တည်နေသည်။