ကယားပြည်နယ် ဘောလခဲမြို့နယ်အတွင်း တိုက်ပွဲကြောင့် ရွာ ၇ ရွာမှ စစ်ဘေးရှောင် ၂၆၀၀ ကျော်တိုးလာ 

ကယားပြည်နယ် ဘောလခဲမြို့နယ်အတွင်း တိုက်ပွဲကြောင့် ရွာ ၇ ရွာမှ စစ်ဘေးရှောင် ၂၆၀၀ ကျော်တိုးလာ 
ဓာတ်ပုံ-PKPF

ဇူလိုင် ၂၀

ကယား(ကရင်နီ)ပြည်နယ်အတွင်း တိုက်ပွဲပြန်လည်စတင်ဖြစ်ပွားသောကြောင့် ရွာခုနှစ်ရွာမှ စစ်ဘေးရှောင် ဦးရေ ၂၆၀၀ ကျော်တိုးလာကြောင်း တိုးတက်သောကရင်နီပြည်သူအင်အားစု(PKPF)မှ ယနေ့ ဇူလိုင်လ ၂၀ ရက်မှာထုတ်ပြန်ထားသည်။ ‌ 

အဆိုပါ စစ်ဘေးရှောင်များမှာ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး တောခူရွာသစ်နှင့် ကလိလျားကျေးရွာနား ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ပူးပေါင်းပြီး အင်အား၂၀၀ခန့်ရှိသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ဇူလိုင်လ ၁၂ ရက်က စပြီး နှစ်ဖက်အပြန်အလှန်တိုက်ပွဲကြောင့် ထပ်မံတိုးလာသည့်စစ်ဘေးရှောင်စာရင်းဖြစ်သည်။ 

လက်ရှိတွင် ယင်းစစ်ဘေးရှောင်များအတွက် အရေးပေါ်လိုအပ်သည့်ပစ္စည်းများမှာ အမိုးအကာနှင့် ကလေးငယ်များ၊သက်ကြီးရွယ်အိုများအတွက်ဆေးဝါးအပြင် စားနပ်ရိက္ခာ ဆန်၊ဆီ၊ဆား၊ ရိက္ခာခြောက်များ၊ကြာရှည်ခံထားနိုင်ပြီး အလွယ်တကူ သယ်ယူသိုလှောင်နိုင်သည့်ရိက္ခာများ၊ အမျိုးသမီးအသုံးအဆောင်နှင့် လသားကလေးငယ်အသုံးအဆောင်များ၊ ရေသိုလှောင်နိုင်မည့် အမှိုက်သုံးအိတ်အမဲရောင်များ အရေးပေါ်လိုအပ်ကြောင်းသိရသည်။ 

"အခုကမြို့ပြင်ဖြစ်တဲ့ ဘောလခဲတို့မှာစစ်ဖြစ်တာ။ အရင်ရက်တွေကတော့တိုက်ပွဲပြင်းထန်တယ်။ ဒီနေ့တော့တိုက်ပွဲအကြောင်းသိပ်မကြားမိသေးဘူး။ အခုစစ်ရှောင်တွေကပြည်နယ်အတွင်း လက်ကျန်ရှိနေတဲ့ ပျှမ်းမျှ ငါးသောင်းကျော်ထက် အဲ့ဒီနားကစစ်ဖြစ်တဲ့နေရာအနီးတဝိုက်ရွာတွေက ထပ်မံတိုးလာတဲ့စာရင်းပါ။ ကိုဗစ်ကလဲအခြေအနေပိုဆိုးလာတယ်။စစ်ရှောင်တွေအတွက်လဲအဓိကက စားစရာနဲ့ဆေးဝါးပိုလိုအပ်နေတယ်"ဟု ဒေသခံ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ကယားပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် KNDF တို့အကြား နှစ်ဖက်တိုက်ပွဲများ ယာယီရပ်ဆိုင်းရန်ဘာသာရေးခေါင်းဆောင်နှင့်အဖွဲ့အစည်းများ၏ စီစဉ်မှုအရ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကအပစ်အခတ်ရပ်စဲရန်သဘောတူညီခဲ့ကြ‌သော်လည်း ထိုသို့သဘောတူပြီးရက်သတ္တပတ်အနည်းငယ်အကြာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှကတိဖောက်ဖျက်၍ တဖက်သတ်ထိုးစစ်ဆင်ခြင်း၊ပြည်သူများ၏နေအိမ်အချို့အားလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ နယ်မြေကျူးကျော်ခြင်းတို့ကြောင့် ဘောလခဲမြို့နယ်၌ ယမန်နေ့ ဇူလိုင်လ ၁၉ ရက်အထိ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ဘေးရှောင်ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly