ပလိုင်းရွာက နေအိမ်စစ်တပ်ကမီးရှို့၊ သိန်းထောင်ချီဆုံးရှုံး 

ပလိုင်းရွာက နေအိမ်စစ်တပ်ကမီးရှို့၊ သိန်းထောင်ချီဆုံးရှုံး 

ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာ ဦးခင်မောင်နေအိမ်နှင့် စပါးချွေစက်နှစ်လုံး ထော်လာဂျီတစ်စီးနှင့် စပါးကျည်ထဲမှ စပါးတင်းတစ်ထောင်နီးပါးခန့်ကို စစ်ကောင်စီတပ်သားများမှ မီးရှို့ဖျက်ဆီးမှု ဇူလိုင်လ ၁၈ ရက်တွင်ဖြစ်ပွားခဲ့သည်။ 

“အရင်နေ့ကတည်းက ရွာအနောက်ဘက်က ဘုန်းကြီးကျောင်းမှာတပ်စွဲထားတာ၊ ပြီးတော့ သူတို့ရွာထဲကို ရောက်လာပြီး မီးရှို့ကြတာထင်တယ်၊ နောက်နေ့မနက်အစောပိုင်း ကျွန်တော်တို့သွားချောင်းကြည့်တော့ စက်နှစ်လုံး၊ ကားတစ်စီးနဲ့ အိမ်တွေရော၊ စပါးကျည်ရော အကုန်ပြာကျနေပြီ၊ အဲ့နေ့က လေငြိမ်ပြီး မိုးလေးဖွဲဖွဲကျနေလို့ မဟုတ်ရင်တော့ တစ်ရွာလုံးပြာကျပြီ ၊ဘေးရွာက အိမ်တစ်အိမ်လည်း အဲ့လိုပဲအရှို့ခံရသေးတယ်” ဟုဆိုသည်။ 

လယ်သမားတစ်ဦးဖြစ်သူ ဦးခင်မောင်သည် ရွေးကောက်ပွဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ထောက်ပံ့ခဲ့သလို သပိတ်စစ်ကြောင်းများကိုလည်း လှူဒါန်းသူတစ်ဦးဖြစ်သောကြောင့်ဒလန်က လက်ထောက်ချပြောဆိုမှုကြောင့် ယခုကဲ့သို့ မီးရှို့သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုသည်။ 

ထို့အပြင် စစ်ကောင်စီတပ်သားများသည် ပလိုင်းရွာမှ ဈေးဆိုင်နှစ်လုံးကိုလည်း ဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများယူသွားကြောင်း ဒေသခံကဆက်လက်ပြောဆိုသည်။ 

ရွာဦးဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည့်အတွက် ဆရာတော်အချို့သည်ပင် ရွာသားများဖြင့်အတူ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သားများသည် ကျေးရွာပိုင် မီးသတ်ကားတစ်စီးကိုလည်း စခန်းချရာနေရာသို့ ယူဆောင်မောင်းနှင်သွားကြောင်းသိရသည်။ 

စစ်ကောင်စီတပ်သားများ ဝင်ရောက်လာမှုကောင့် ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာကြီးများဖြစ်သည့် တပ်တူ၊ ပလိုင်း၊ ဂုန်နန်၊ ကန်သာနှင့် အနီးအနားက ရွာများမှ ရွာသားများထွက်ပြေးတိမ်းရှောင်နေရပြီး မိုးစပါး အချိန်မှီမစိုက်ပျိုးနိုင်မှာကို လယ်သမားအများစုက စိတ်ပူနေကြသည်။

“ပျိုးကြဲရက် က ဒီလ ၂၅ ကျော်လို့မရဘူး၊ ကျွန်တော်တို့ဘက်က စပါးကို အဓိကစိုက်ကြတာ၊ အချိန်မှီပျိုးမကြဲနိုင်ရင်တော့ စပါးအောင်ဖို့မလွယ်ဘူး၊ ပိုးကျတာတွေ၊ စပါးအဖျင်းတွေပဲပေါက်တာမျိုး ဖြစ်လိမ့်မယ်၊ ခုက ရွာလုံးကျွတ်နီးပါးအကုန်ထွက်ပြေးနေရတာဆိုတော့ ဒုက္ခတော့များပြီဗျာ” ဟုလယ်သမားတစ်ဦးကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly