မြန်မာမှာ ကိုဗစ်ကာကွယ်ဆေးစောစောရအောင် ကြိုးပမ်းခဲ့သူ ဒေါက်တာထားထားလင်း အကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရ

မြန်မာမှာ ကိုဗစ်ကာကွယ်ဆေးစောစောရအောင် ကြိုးပမ်းခဲ့သူ ဒေါက်တာထားထားလင်း အကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရ

ဇူလိုင် ၁၈ ရက်၊ ၂၀၂၁ ခုနှစ်

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးစောစောထိုးနှံရလေအောင် စွမ်းဆောင်ခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခြင်းခံထားရသူ ဒေါက်တာထားထားလင်းသည် အကျဉ်းထောင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံနေရကြောင်း ယုံကြည်စိတ်ချရသော သတင်းအရင်းမြစ်အရ သိရသည်။

မြန်မာနိုင်ငံ၏ကာကွယ်ဆေးထိုးလုပ်ငန်းခေါင်းဆောင် ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းသည် ဇွန်လ ၁၀ ရက်နေ့က စစ်တပ်၏ဖမ်းဆီးခြင်းခံရကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည်။ ဖမ်းဆီးသွားပြီး တစ်လအကြာ သူ့ကို နေပြည်တော်ရှိ အချုပ်ထောင်တစ်နေရာသို့ လွှဲပြောင်းလိုက်သည်။

အိန္ဒိယနိုင်ငံကိုသွားရောက်ပြီး ကာကွယ်ဆေးအမြန်ဆုံးရအောင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူ ဒေါက်တာထားထားလင်းအတွက် ဆေးကုသရန် မည်သို့စီစဉ်ထားသည်၊ မည်သည့်ဆေးရုံတွင်တင်ထားသည်နှင့် ဆေးကုသခွင့် ပေး၊ မပေးကို မဇ္ဈိမအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေးပါ။
လူအသေအပျောက်များသော ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုပြင်းထန်နေချိန်တွင် အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးပညာရှင်များ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်များ၊ မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များ၊ လက်ထောက်ဆရာဝန်၊ သူနာပြုနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးထားသည်။

ဖမ်းဆီးခံထားရသူများတွင် ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလများတွင် နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ခဲ့သော ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဆေးပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာမော်မော်ဦးနှင့် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွတ်တို့လည်း အပါအဝင်ဖြစ်သည်။
ဒေါက်တာမော်မော်ဦးသည် အင်းစိန်အကျဉ်းထောင်အတွင်းမှ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ယခုအခါ မြောက်ဥက္ကလာ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

" ကျန်းမာရေးပညာရှင်တွေဟာ ဒီကာလမှာ သံတိုင်ကြားမှာ လုံးဝမရှိသင့်သလို ဝရမ်းပြေးလုပ်နေရမယ့်အချိန်လည်း မဟုတ်ပါဘူး။ ကျန်းမာရေးပညာရှင်တွေဟာ အစိုးရအလုပ် မလုပ်စေကာမူ ပရဟိတပဲလုပ်လုပ်၊ ပုဂ္ဂလိကမှာပဲလုပ်လုပ် အနည်းဆုံး အွန်လိုင်းကပဲ ဆွေးနွေးပေးပေး အများပြည်သူအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။" ဟု ကိုဗစ်-၁၉ ကပ်ရောဂါနှိမ်နင်းရာမှာ အတွေ့အကြုံများ သည့် ဆရာဝန်ကြီးတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

" ကိုဗစ်ကပ်ရောဂါတွန်းလှန်နေတဲ့ ကာလဖြစ်တဲ့အတွက် ဖမ်းဆီးထားတဲ့ ဆရာဝန်များနဲ့ ကျန်းမာရေးဝန်ထမ်းများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပြီး ဝရမ်းထုတ်ခြိမ်းခြောက်ခံရသူတွေကိုလည်း လုံးဝချေဖျက်ပေးရပါမယ်။" ဟု သူက ဆက်ပြောသည်။

ထို့အပြင် အကျဉ်းထောင်များအတွင်း ကိုဗစ်ကူးစက်မှုဖြစ်နေရာ " ရောဂါကူးစက်ရာ အဝန်းအဝိုင်းသဖွယ်ဖြစ်နေ" ၍ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ပြန်လွှတ်ပေးဖို့လိုသည်ဟုလည်း ဆရာဝန်ကြီးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly