ရွေဘိုနယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ပွဲဖြစ်

ရွေဘိုနယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ပွဲဖြစ်
ဓာတ်ပုံ - တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံများ

ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ကျေးရွာလေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများထဲသို့ အဆက်မပြတ်ပစ်ခတ်လျှက်ရှိသည်။ 

ဒီကနေ့ဇူလိုင်လ ၁၈ ရက် မနက်ပိုင်းတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးမှ ဒေသခံကာကွယ်ရေးတပ်များရှိသည်ဟု သတင်းပေးမှုကြောင့် စစ်ကားအကြီး သုံးစီးဖြင့် ရောက်လာခြင်းဖြစ်ပြီး ပလိုင်းအုပ်စု တပ်တူကျေးရွာဘက်တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ 

အဆိုပါစစ်ကောင်စီတပ်ဖွဲ့များအား ပြည်သူ့ကာကွယ်ရေးဒေသခံအဖွဲ့များမှ လက်လုပ်သေနတ်များဖြင့် ခုခံတိုက်ခိုက်ရာတွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။ 

“မနက်ပိုင်းမှာ သူတို့ တပ်တူဘက်မှာပဲ ကျွန်တော်တို့ဘက်က အင်အားများမှန်းသိတယ်၊ အာ့ကြောင့်ဒီဘက်ကိုမလာဘူး၊ ခုညနေ သုံးနာရီလောက်ကျတော့ ကားတွေနဲ့ စစ်ကူတွေထပ်ရောက်လာပြီး ကျွန်တော်တို့ တပ်တူ၊ ပလိုင်း၊ ဂုန်နန်၊ ကန်သာ အဲ့ဒီလေးရွာကို လက်နက်ကြီးတွေနဲ့ အဆက်မပျက်ပစ်ပြီး ခုဝင်မွှေနေကြပြီ၊ လက်နက်အင်အားက ဘယ်လိုမှမမျှတော့ တိုက်ဖို့မလွယ်ဘူး” ဟု တပ်တူရွာသားတစ်ဦးက ဆိုသည်။ 

ဒီကနေ့ညနေပိုင်း ၄ နာရီဝန်းကျင်အချိန်ထိ လက်နက်ကြီးများ ပစ်ခတ်မှုရှိနေပြီး ထိခိုက်ကျဆုံးသူများရှိနိုင်ကြောင်း ဒေသခံကပြောဆိုပြီး အတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

လက်ရှိအချိန်တွင် အဆိုပါကျေးရွာ လေးရွာမှ ပြည်သူများ လွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း ပေးပို့လာသော ရုပ်သံမှတ်တမ်းများအရသိရသည်။ 

မနေ့က ညပိုင်းတွင်တပ်တူကျေးရွာနှင့် နှစ်မိုင်ခန့်အကွာ ဆိပ်ခွန်ရွာသား လေးဦးအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly