မကွေးမြို့မှာ တံခါးဂျက်ချပြီး ကိုဗစ်ကြောင့် သေဆုံးနေသူကို အမိုးပေါ်က ဝင်ရောက်ပြီး ကူညီခဲ့ရ

မကွေးမြို့မှာ တံခါးဂျက်ချပြီး ကိုဗစ်ကြောင့် သေဆုံးနေသူကို အမိုးပေါ်က ဝင်ရောက်ပြီး ကူညီခဲ့ရ

ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ လမ်းငါးသွယ်အနီး စိုးကောမင်းရပ်ကွက် နေအိမ်တစ်လုံးရှိ အပေါ်ထပ်မှာ ကိုဗစ် ၁၉ အတည်ပြုလူနာတစ်ဦး အခန်းတံခါးဂျက်ချပြီး ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးနေတဲ့အတွက် အိမ်အမိုးပေါ်က ဝင်ရောက်ကာ ကူညီခဲ့ရတယ်လို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

ဓာတ်ပုံ- ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း

“သူကအတည်ပြုလူနာဆိုတော့ အိမ်ပေါ်မှာနေတာပေါ့နော်။ မနေ့က ညနေအထိ အိမ်ကလူတွေက အပေါ်နဲ့ အောက်နဲ့ အဆက်အသွယ်ရှိတယ်ပေါ့နော်။ အခုမနက်ပိုင်းကျတော့ အတွင်းထဲကို လှမ်းခေါ်တော့ သူက ပြန်မထူးဘူး အဆက်အသွယ်မရဘူးပေါ့။ အထဲက တံခါးက ဂျက်ကျနေတာပေါ့။ ဒါနဲ့ကျွန်တော်တို့က အပေါ်အမိုးအပေါက်ကဝင်ပြီးတော့ လူနာကို စစ်ဆေးခဲ့ရတာပေါ့” လို့ မကွေးမြို့ ရောင်စုံမေတ္တာလူမှုကူညီရေး အသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ် ၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအတွင်း ကွာရန်တင်း စင်တာတွေကနေတစ်ဆင့် ပျံ့နှံ့ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုတတိယလှိုင်းမှာ ကိုဗစ်အတည်ပြုလူနာတွေကို နေအိမ်မှာပဲထားရှိ ကုသနေရတဲ့အတွက် ကူးစက်မှုနှုန်း မြင့်တက်လာနေတယ်လို့ ပရဟိတ လုပ်ကိုင်သူတွေက ပြောပါတယ်။

ဓာတ်ပုံ- ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း

“ငါးထပ်ဆောင်မှာက တကယ့်အရေးပေါ်အဆင့်တွေပဲ လက်ခံတာဗျ။ ကျန်တဲ့ဟာတွေကျတော့ လက်ခံဘူး။ မကွေးမြို့အနေအထားနဲ့ လူနာတင်ယာဉ်အားနဲ့က တဖြည်းဖြည်းနဲ့ မလောက်ငှလာတော့ဘူး” လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မကွေးမြို့မှာ GTI ကွာရန်တင်းစင်တာနဲ့ အခြေခံ ကျန်းမာရေးတက္ကသိုလ် ကွာရန်တင်းစင်တာ နှစ်ခုကို မနေ့က (ဇူလိုင်လ ၁၇ ရက်) စတင်ဖွင့်လှစ်ထားပြီး ကွာရန်တင်းစင်တာအတွင်း နေထိုင်လိုသူတွေကတော့ မိမိအစီအစဉ်နဲ့ နေထိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly