မြန်မာနိုင်ငံရေးအကျပ်အတည်းက နောက်မျိုးဆက်တစ်ခုလုံး ပျက်စီးရမည့် ဘေးရှိနေဟု ကုလသမဂ္ဂ ကော်မတီတစ်ရပ် သတိပေး

မြန်မာနိုင်ငံရေးအကျပ်အတည်းက နောက်မျိုးဆက်တစ်ခုလုံး ပျက်စီးရမည့် ဘေးရှိနေဟု ကုလသမဂ္ဂ ကော်မတီတစ်ရပ် သတိပေး
Photo - AFP

ဇူလိုင် ၁၇

ဖြစ်ပွားနေဆဲ နိုင်ငံရေးအကျပ်အတည်းများကြောင့် မြန်မာနိုင်ငံ၌ ကလေးသူငယ်များ၏ အခွင့်အရေးသည် အပြင်းအထန် ထိုးနှက်ခံရမှုနှင့် ရင်ဆိုင်နေရပြီး မျိုးဆက်တစ်ခုလုံး ပျက်စီးသွားစေမည့် ဘေးအန္တရာယ်များ ရှိနေကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေးကော်မတီ CRC က သတိပေးသည်။ 

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးမှနောက်ပိုင်း အသတ်ခံရသည့် ကလေးငယ် ၇၅ ဦးရှိပြီး ထင်ရာစိုင်း ဖမ်းဆီးခံရသည်မှာ ၁၀၀၀ နီးပါးရှိကာ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့တွင် ခံစားခွင့် ဆုံးရှုံးရသည့် ကလေးငယ်များမှာ မရေတွက်နိုင်အောင် ရှိကြောင်း ကော်မတီက ရရှိသည့် ယုံကြည်ရသော သတင်းအချက်အလက်အရ သိရသည်။ 

“စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ ဖိနှိပ်နှောင်ဖွဲ့မှုအောက်မှ ရှိနေပြီး ကြီးမားတဲ့ အသက်ဘေး ဆုံးရှုံးရနိုင်မှုနဲ့လည်း ရင်ဆိုင်နေရတယ်”ဟု CRC ဥက္ကဋ္ဌ မီကီကိုအိုတာနီက ပြောသည်။ 

ရွေးကောက်ခံအစိုးရကို ဖေဖော်ဝါရီ ၁ ရက်က ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ချိန်မှစကာ ထင်ရာစိုင်း ဖမ်းဆီးထားခံရသည့် ပြည်သူပေါင်း ၆၀၀၀ နီးပါး ရှိနေသည်။ ထိုပြင် ကလေးများအပါအဝင် သေဆုံးသူပေါင်းက ၉၀၀ နီးပါးရှိကာ ထိခိုက်ဒဏ်ရာရနှုန်းက မရေတွက်နိုင်အောင် ရှိသည်။ 

CRC ကော်မတီသည် ကလေးသူငယ်အခွင့်အရေး ကွန်ဗင်ရှင်းသို့ နိုင်ငံအဖွဲ့အစည်းများမှ တင်သွင်းချက်များကို စောင့်ကြည့်စစ်ဆေးရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှ်၌ ထို ကွန်ဗင်းရှင်းသို့ ပါဝင်ခဲ့သည်။ 

စစ်တပ်နှင့် ရဲများက ကလေးငယ်များအား သတ်ဖြတ်ခြင်းကို ကော်မတီက အပြင်းအထန် ရှုတ်ချသည်။ အချို့သော ကလေးငယ်များမှာ ၎င်းတို့၏ နေအိမ်မှာပင် သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ယင်းတို့ထဲတွင် မန္တလေး၌ ခြောက်နှစ်ကလေးငယ်ကို ရဲက ပစ်ခတ်၍ ဝမ်းဗိုက် ကျည်ထိပြီး ဖခင်ဖြစ်သူ လက်ပေါ်တွင်ပင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ 

ရဲစခန်းများ၊ အကျဉ်းထောင်များနှင့် စစ်ထောင်များတွင် ကလေးငယ်များကို ထင်ရာစိုင်း ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း CRC က ကန့်ကွက်ရှုတ်ချသည်။ 

စစ်တပ်သည် မိဘများကို ဖမ်းဆီးမရသည့်အခါ ကလေးငယ်များကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများလည်း ရှိနေသည်။ ထိုသို့ ဖမ်းဆီးခံရသူများတွင် မန္တလေး၌ စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်သော ဆန္ဒပြပွဲများ၌ ကူညီပေးသည့် ဖခင်ဖြစ်သူကို မဖမ်းနိုင်၍ ငါးနှစ်သမီးငယ်လေးကို ဖမ်းဆီးမှုလည်း အပါအဝင် ဖြစ်သည်။ 

“ကလေးငယ်တွေဟာ နေ့စဉ်နဲ့အမျှ အရမ်းကာရော အကြမ်းဖက်တာ၊ ကြုံသလို ပစ်ခတ်တာနဲ့ ထင်ရာစိုင်း ဖမ်းဆီးတာတွေမှာ ကူကယ်ရာမဲ့ ဖြစ်နေရပါတယ်”ဟု အိုတာနီက သတိပေးခဲ့သည်။ 

တစ်နိုင်ငံလုံးတွင် မရှိမဖြစ် ဆေးဝါးစောင့်ရှောက်မှု စာသင်ကျောင်းပညာရေးများ ကြီးကြီးမားမား ပျက်စီးမှုဖြစ်နေခြင်းအတွက်အပြင် ကျေးလက်ဒေသများ၌ ကလေးငယ်များအတွက် ဘေးကင်းသော သောက်သုံးရေနှင့် အစားအစာ ပြတ်လပ်တို့အတွက်လည်း ကော်မတီက အထူးတလည် စိုးရိမ်ပူပန်လျက် ရှိသည်။ 

ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်စွဲထားခြင်းနှင့် စစ်တပ်၏ လုပ်ဆောင်ချက်များကြောင့် နောက်ဆက်တွဲ ပျက်စီးရခြင်းများ ရှိနေသည်ဆိုသော ယုံကြည်ရသည့် သတင်းများကိုလည်း ကုလသမဂ္ဂလူအခွင့်အရေးရုံးက လက်ခံရရှိထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly