မိုးဟိန်းဟောပြောချက် ရုံးဌာန တက္ကသိုလ်များတွင် ဖြန့်ဝေရန် စစ်ကောင်စီ ညွှန်ကြား

မိုးဟိန်းဟောပြောချက် ရုံးဌာန တက္ကသိုလ်များတွင် ဖြန့်ဝေရန် စစ်ကောင်စီ ညွှန်ကြား

ဇူလိုင် ၁၅

မြဝတီမှ ထုတ်လွှင့်သော မိုးဟိန်း၏ " မြန်မာနိုင်ငံအရေး အလေးအနက်တွေးသူ တစ်ဦးရဲ့စကားသံများ" ဆိုသည့် ခေါင်းစဉ်ဖြင့် နွေဦးတော်လှန်ရေးကိုဆန့်ကျင်သော ဟောပြောပို့ချမှုများအား ရုံး၊ဌာန၊တက္ကသိုလ်/ကျောင်းများတွင် ကြည့်ရှုစေရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွန်ကြားထားသည်။ 

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီကရီကောလိပ်၊ ရန်ကုန်မှ စီမံ၊လေ့ကျင့်၊ သင်ကြား ဝန်းထမ်းများအား အဆိုပါ ပြောဆိုချက်များအား ကြည့်စေကာ ဆောင်ရွက်မှုများကို ပြန်လည်တင်ပြဖို့ မေလ ၁၃ ရက် ရက်စွဲဖြင့် ညွှန်ကြားထားခြင်းဖြစ်သည်။ 

သူရိယနေဝင်းဂျာနယ်တည်ထောင်သူနှင့် စာရေးသူမိုးဟိန်း၏ အာဏာသိမ်းစစ်ကောင်စီအားထောက်ခံပြောဆိုချက်များကို စစ်အစိုးရဝါဒဖြန့်ယန္တရားများဖြစ်သော မြဝတီနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် နေ့တိုင်းနီးပါးထုတ်လွှင့်ပြသနေခြင်းဖြစ်သည်။

 ယခုလိုမိုးဟိန်း၏ သတင်းစကားများအား စစ်ကောင်စီမှရုံးများ၊ စာသင်ကျောင်းများသို့ ဖြန့်ဝေနေခြင်း CDM မလုပ်သူသစ္စာဖောက်ဝန်ထမ်းများနှင့် ကျောင်းသားများအား ဝါဒဖြန့်မှိုင်းတိုက်နေခြင်းသာဖြစ်ကြောင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုပြုလုပ်ထားသူ ကျောင်းဆရာတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

“သူတို့အကြမ်းဖက်စစ်ကောင်စီကို ပိုပြီးထောက်ခံလာစေဖို့အတွက်ရယ်၊ CDM မလုပ်ဘဲ ရုံးတက်နေတာက မှန်တယ်ဆိုသရောင် ပုံစံမျိုးထင်သွားအောင်ဝါဒဖြန့်တာမျိုးလို့ယူဆတယ်၊ နောက်တစ်ချက်က မိုးဟိန်းက သစ္စာဖောက်တစ်ယောက်ဖြစ်တယ်၊ သစ္စာဖောက်ရဲ့ ဟောပြောချက်ကို သစ္စာဖောက်ပြီးသားဝန်ထမ်းတွေကို စစ်ကောင်စီအပေါ်သံသယဖြစ်လာနိုင်မှာကို သူတို့ကြိုမြင်တဲ့အတွက် ဒီလိုဝါဒမှိုင်းတိုက်တာပါ” လို့သူကဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ ယခုလို ဝါဒဖြန့်မှုသည် အောင်မြင်နိုင်ဖွယ်မရှိကြောင်း မုံရွာမြို့မှ တက္ကသိုလ်ကျောင်းသားတစ်ဦးကဆိုသည်။

 “တက္ကသိုလ်ကျောင်းသားတွေအများစုက CDM လုပ်ထားတယ်၊ ခုလိုတက္ကသိုလ်တွေမှာ ဒါတွေကို ဖွင့်ပြမယ်ဆိုတော့ သူတို့မအောင်မြင်နိုင်ဘူး၊ လိုင်းပေါ်မှာ မိုးဟိန်းဟောပြောချက်တွေတက်လာတာကိုတောင်မှ ဘယ်လိုမှ နားမထောင်ကြဘူး၊ ကျောင်းသားလူငယ်တွေက ပျက်ရယ်ပြုထားကြတာဗျ” ဟု မုံရွာစီးပွားရေးတက္ကသိုလ်၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု၊မဟာတန်းနောက်ဆုံးနှစ်ကျောင်းသား ကိုခန့်ဝေဖြိုးမှ မှတ်ချက်ပြုပြောဆိုသည်။

 မိုးဟိန်း၏ အဆိုပါဟောပြောပို့ချမှုများကို စစ်ကောင်စီလက်အောက်ခံတပ်များအတွင်း တပ်မိသားစုများကို မကြည့်မနေရကြည့်ခိုင်းကြောင်း တပ်တွင်းသတင်းရပ်ကွက်များ၏ အပြောအရသိရသည်။ 

မိုးဟိန်းသည် သူ့ကိုယ်ကျိုးအတွက်ကိုပဲ ကြည့်ကာ အမျိုးမျိုးဘက်ပြောင်းပြီး ပြောဆိုခဲ့သူ ဖြစ်သော်လည်း သူ၏ဟောပြောချက်များ တပ်တွင်းလွှမ်းမိုးမှုရှိသည်ဟု အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေသည့် ဗိုလ်ကြီး ညီသုတက ပြောသည်။

 “ ကျွန်တော် ပြန်ကြားသလောက်ကတော့ သဘောကျတဲ့ သူတွေလည်း ရှိတယ်။ လွှမ်းမိုးမှုကတော့ ရှိတယ်။ တပ်မတော်ကြီးက မကောင်းဘူးဆိုတာကို သိပေမယ့် တစ်ဖက်ကလည်း မကောင်းဘူးဆိုတာကို သူတို့ (စစ်အုပ်စု) ကိုယ်စားပြောပေးမယ့်သူ လိုတာပေါ့။ သူတို့လူနဲ့ သူတို့တော့ ဟုတ်နေတာပဲ။ စစ်ကောင်စီအနေနဲ့က သူ့ရဲ့ လက်အောက်ခံတပ်သားတွေကို ပြန်စည်းရုံရာမှာ သူတို့ကိုယ်တိုင် ပြောတာထက်၊ အပြင်လူပြောတာက ပိုထိရောက်တာထင်တာပေါ့။ သူများပြောတာက တပ်သားတွေကို ယုံကြည်မှု ပိုတိုးစေတယ်။ အချက်အလက်တွေနဲ့ အယူအဆတွေကို ပိုပြီး ထိရောက်စေတာပေါ့ဗျာ။ ကိုယ့်တရားကို သူများကပြောပေးတယ်ဆိုတဲ့ သဘောပေါ့။ ကိုမိုးဟိန်းတို့ကို အသုံးချတယ် ပေါ့ဗျာ” ဟု ဗိုလ်ကြီး ညီသုတက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly