ပြည်သူပါမှ ဖြစ်မှာပါ

ပြည်သူပါမှ ဖြစ်မှာပါ

ဒီဇင်ဘာ ၉ သည် ကုလသမဂ္ဂ အသိအမှတ်ပြု နိုင်ငံတကာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနေ့ International Anti-Corruption Day ဖြစ်သည်။ ၂၀၀၃ တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံက အကျင့်ပျက်ခြစားမှုများအား တိုက်ဖျက်ရန်နှင့် အကျင့်ပျက်ခြစားမှုများကို မလုပ်ကြရလေအောင် ကွန်ဗန်းရှင်း (နိုင်ငံတကာ သဘောတူညီချက်) တစ်ခုဖြင့် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ကွန်ဗန်းရှင်းသည် ၂၀၀၅ တွင် အသက်ဝင်ခဲ့သည်။

ယင်းမှ တွက်စစ်သော် ၁၀ နှစ်အကြာ ယခုနှစ် ၂၀၁၅ နိုင်ငံတကာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနေ့အတွက် သီးသန့်ဆောင်ပုဒ်မှာ “တနွယ်ငင် တစင်ပါ အကျင့်ဖျက်ခြစားမှုများကို တိုက်ဖျက်ကြ” ဖြစ်သည်။ မှန်ပါသည်။ အကျင့်ပျက်ခြစားမှုများကို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တစ်သင်းတည်းက တိုက်ဖျက် လုပ်ကိုင်ရုံမျှဖြင့် မပြီးပါ၊ ပြည်သူတစ်ရပ်လုံးပါပြီး တနွယ်ငင် တစင်ပါ အလုံးစုံ သန့်စင်ရေးအထိ လုပ်ကိုင်ကြရမည် ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ယခုနှစ် နိုင်ငံတကာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနေ့အတွက် ယခုကဲ့သို့ သတင်းစကားပါးသည်။

“လူသားမျိုးနွယ် တစ်ရပ်လုံးနဲ့ ကမ္ဘာကြီးအတွက် ဆင်းရဲမွဲတေမှုတွေကို လျှော့ချရာကနေ ပျောက်ကွယ်စေပြီး လူသားဂုဏ်သိက္ခာ အပြည့်ရှိတဲ့ သာယာနေပျော်ဖွယ် ဘဝတွေကို ပိုင်ဆိုင်ကြရလေအောင် ဒီကနေ့ကနေ နောင် ၁၅ နှစ်ကာလအထိ ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကုလသမဂ္ဂ ၂၀၃၀ အစီအစဉ်သစ်မှာ ထောင့်ပေါင်းစုံကနေ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်သွားဖို့ လိုပြီး၊ တာဝန်နဲ့ ရာထူးရှိတုန်းက ခိုးထားတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ပြန်လည်ရယူနိုင်ဖို့အပြင် တရားမဝင် ငွေကြေးစီးဆင်းမှုတွေကိုလည်း ဖြစ်ဖြစ်မြောက်မြောက် လျှော့ချနိုင်ဖို့ တောင်းဆိုအပ်ပါတယ်။”

အကျင့်ပျက်ခြစားမှုများသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် အနည်းနှင့်အများဆိုသလို ရှိကြသော်လည်း ယေဘုယျအားဖြင့် ချမ်းသာသော နိုင်ငံများထက် ဆင်းရဲသော နိုင်ငံများတွင် ပိုမိုအဖြစ် များသည်။ ဒီမိုကရေစီ နိုင်ငံများထက် အာဏာရှင်နိုင်ငံများ သို့မဟုတ် အာဏာရှင် အကြွင်းအကျန် နိုင်ငံများတွင် ပို၍ အဖြစ်များသည်။

မြန်မာတွင်လည်း အကျင့်ပျက်ခြစားမှုများက ရှိနေဆဲဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဟန်ပြန်အနေနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်နိုင်ပါရန် အမျိုးသားအဆင့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းခဲ့သော်လည်း အလုပ်မဖြစ်ပါ။ ယင်းအမျိုးသားအဆင့် အဖွဲ့အစည်းအနေ နှင့် အနှောင်အဖွဲ့ကင်းကင်း အခွင့်အရေး ပြည့်ပြည့်ဝဝဖြင့် ဆောင်ရွက်လိုက်ပါလျှင် အစိုးရ အရာရှိကြီးများနှင့် ၎င်းတို့၏ မိတ်ဖက် လုပ်ငန်းရှင်များပါ ပါသွားနိုင်ပါသည်။

အကျင့်ပျက် ခြစားမှုများသည် ဒီမိုကရေစီကို သေးသိမ်စေပြီး တရားဥပဒေ စိုးမိုးရေးကို ချိနဲ့ စေပါသည်။ ထို့အပြင် ဈေးကွက်ကို ပျက်ယွင်းစေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများဆီ တွန်းပို့တတ်သည်။ နိုင်ငံသားတစ်ဦးချင်း၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုလည်း အလေးမထားတော့ဘဲ အကွက်ချ ပြစ်မှုကြီးများ ကျူးလွန်ခြင်းနှင့် အကြမ်းဖက်မှုကဲ့သို့သော လုပ်ရပ်များအထိ ကြီးထွားနိုင်ပါသည်။ နောက်ဆုံး အဆင့်အနေနှင့် ကမ္ဘာကြီးနှင့် လူသားတစ်ရပ်လုံး၏ သာယာချမ်းမြေ့သော ဂေဟစနစ်နှင့် လူ့ဘောင်ကိုပါ ထိခိုက် ပျက်စီးစေပါသည်။

မြန်မာသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှတဆင့် အင်န်အယ်လ်ဒီအစိုးရသစ်ကို ရရှိေတော့မည် ဖြစ်သည်။ မြန်မာတို့၏ မျှော်လင့်ချက်များသည် တဖြည်းဖြည်းချင်း တိုးပွားလာနေပြီး စစ်အာဏာရှင်များ၏ စနက်ကြောင့် ဘေးရောက် နိမ့်ကျခဲ့သော ဆိုးရွားအခြေအနေမှသည် ဒေသတွင်းနှင့် နိုင်ငံတကာ စင်မြင့်ထက်မှ နေရာမှန်ဆီသို့ ပြန်လည် ရောက်ရှိနိုင်ရန် ကြိုးပမ်းခွင့် သာလာ တော့မည် ဖြစ်သည်။

သို့ရာတွင် အတားအဆီး၊ အပိတ်အဆို့၊ အဟန့်အတား၊ အခုအခံများကလည်း မလွဲမသွေ ရှိနေပါသည်။ အထူးအားဖြင့် အကျင့်ပျက်ခြစားမှုများနှင့် အလုပ်ဖြစ်နေသော လက်ရှိအခြေအနေ ရပ်ဝန်းတွင် ပျော်မွေ့ကာ ခံစားစံစားနေကြသူများ ဖြစ်သည်။ ယင်းအခြေအနေများသည် ပြည်သူများကိုလည်း အကျင့်စာရိတ္တ ပျက်ယွင်းစေပြီး အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ဘဝများဆီသို့ တွန်းပို့ခဲ့သည်။ ပြည်သူအများစုသည်လည်း လိုအပ်၍ကော မလိုအပ်ပါဘဲနှင့်ပါ တနွယ်ငင် တစင်ပါ အကျင့်ပျက်ခြစားမှု စက်ဝန်းထဲတွင် ပါခဲ့ရသည်။

ယခုအခါ မြန်မာ့ရောင်နီဦးသည် မကြာမီတွင် တက်လာတော့မည့် အရိပ်အရောင်များကို တွေ့နေရသည်။ သို့ဖြစ်ရာ မြန်မာ့ ဖွံ့ဖြိုးမှုအတွက် အပိတ်အဆို့ အတားအဆီးသဖွယ်ဖြစ်နေသော တနွယ်ငင် တစင်ပါ အကျင့်ပျက်ခြစားမှု စက်ဝန်းထဲမှ ပြည်သူတစ်ဦးချင်းတိုင်း အပါအဝင် ဆိုင်သူအားလုံးက မဖြစ်မနေ ရုန်းထွက်ကြရတော့မည် ဖြစ်သည်။ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးသည် အပြောလွယ်၊ အလုပ်ခက် လုပ်ငန်းကြီးမျိုးဖြစ်ရာ ပြည်သူပါမှ အောင်မြင်မည်ဖြစ်ကြောင်း မဇ္ဈိမက မီးမောင်းထိုးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly