မြစ်ငယ်မြို့စစ်ကောင်စီခန့်အမျိုးသမီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မြစ်ငယ်မြို့စစ်ကောင်စီခန့်အမျိုးသမီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဇူလိုင် ၁၄

မန္တလေးတိုင်း အမရပူရမြို့နယ် မြစ်ငယ်မြို့ ၁၂ ရပ်ကွက် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်းသိရသည်။ 

ဒီကနေ့ဇူလိုင်လ ၁၄ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်အချိန်တွင် အသက် ၅၈ နှစ်အရွယ် ဒေါ်သက်သက်ချိုသည်  ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဖြစ်စဉ်အနီးဝန်းကျင်မှ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

“ သူက အောင်ချမ်းသာရပ်ကွက်ထိပ်က မြစ်ငယ်ဈေးထဲမှာ ဈေးဝယ်ကဒ်တွေမပါလာတဲ့သူတွေကို စစ်ပြီးပြန်လွှတ်နေတာ၊ အဲ့မှာ အမည်မသိလူတစ်ယောက်က သေနတ်အတိုနဲ့ သုံးချက်လောက်ရှိတယ်၊ နောက်စေ့ကိုပစ်သွားတာ၊ နေရာတင်ပွဲချင်းပီးသေတာပဲ” ဟုဆိုသည်။ 
သေဆုံးသူ ဒေါ်ချိုချိုသက်သည် စစ်ကောင်စီမှ အုပ်ချုပ်ရေးမှူးခန့်ထားသည်မှာ လေးလခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီကစေခိုင်းသမျှကို လုပ်ဆောင်နေသူဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးကဆိုသည်။ 

“သူက မြစ်ငယ် သပိတ်လမ်းကြောင်းရှိရာ နေရာတွေကို သတင်းပေးတိုင်ကြားတာတွေ၊ CDM တွေကိုကူညီလုပ်ကိုင်ပေးနေတဲ့သူတွေကို သတင်းပေးတိုင်ကြားတာတွေ၊ သူ့ကိုထိခိုက်နိုင်အောင် လုပ်တဲ့သူကို စစ်တပ်ကိုတိုင်ပြီး ဖမ်းခိုင်းမယ်ဆိုပြီး  ကြိမ်းမောင်းတယ်၊ သူ့နောက်မှာလဲ မြို့က လောင်းကစားဒိုင်လုပ်တဲ့သူတွေကို ရာအိမ်မှူးခန့်ထားတာ” ဟုဆိုသည်။ 

အခင်းဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ထိုသို့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသည် ပြည်သူများကို ဒုက္ခပေးသည့်အတွက်ယခုလိုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးနှင့် အာဏာရှင်သုတ်သင်ရေး(မန္တလေး)မှ သတင်းထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly