မြောင်မြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ဆရာတပည့်၂ဦး သုတ်သင်ခံရ

မြောင်မြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ဆရာတပည့်၂ဦး သုတ်သင်ခံရ

ဇူလိုင် ၁၄

စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ပန်းညိုကျေးရွာနေ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးဝင်းနိုင်နှင့် တပည့်ဖြစ်သူတို့သည် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

ဒီကနေ့ဇူလိုင်လ ၁၄ ရက်၊ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်အချိန်၊ နဘတ်ရွာ နှင့် ကင်းရွာအကြား၊ ကင်းကျေးရွာ၏ မြောက်ဘက် ရွာပတ်လမ်း ရွှေဂူကြီးဘုရားအနီး ကားလမ်းပေါ်တွင် သေနတ်ဖြင့် ၈ ချက်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူက အဲ့ဒီနယ်ဘက်က ပျူစောထီးအဖွဲ့ကိုဦးဆောင်နေတဲ့သူဖြစ်တယ်၊ အကြမ်းဖက်စစ်ကောင်စီတပ်အတွက်လဲ ထောက်ပို့ပေါ့၊ ပြီးတော့လမ်းပြတာတွေ၊ သတင်းပေးတာတွေ အကုန်လုပ်တယ်၊ ကျွန်တော်တို့ ကိုရွာသားတွေကလဲသတင်းပို့လာတယ်၊သူ့တပည့်ကလဲသူနဲ့အတူတူပဲ၊ ကျွန်တော်တို့ကိုယ်တိုင်လဲသေချာသတင်းစုံစမ်းသိရတဲ့အတွက် ခုလိုသုတ်သင်လိုက်တာပါ” ဟု သူကဆိုသည်။

အသက် ၄၀ အရွယ် ဦးဝင်းနိုင်သည် လက်ရှိတွင် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးနေကြောင်း ပန်းညိုကျေးရွာအနီး ဒေသခံတစ်ဦးကဆိုသည်။

“ပျူစောထီးဆိုပြီး ကျွန်တော်တို့ဘက်မှာ သူကခေါင်းဆောင်ပေါ့ဗျာ၊ သူ့နောက်ကအဖွဲ့သားတွေဆီက သတင်းသံကြားရတာပေါ့၊ စစ်သားတွေဘာတွေနဲ့လဲ ခနခနသွားတွေ့တာမျိုးတွေလဲလုပ်တယ်၊ဖမ်းမယ်ဆီးမယ်ဆိုရင်သူကလမ်းပြပေးတယ် သူတို့အဖွဲ့တွေသင်တန်းတွေဘာတွေတော့ဘယ်နေရာမှာပေးတာလဲဆိုတာကျွန်တော်တို့လဲမသိဘူး၊ ဆိုင်ကယ်တွေနဲ့သွားသွားနေတာမျိုးတော့ရှိတယ်” ဟိုဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး ၁ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ အဆိုပါနေရာသို့ သွားရောက်ခဲ့ကြောင်းသိရပြီး၊ သေနတ်သံအနည်းငယ်လဲကြားရကြောင်းဒေသခံကဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချရေးအားဆုံးခန်းတိုင်အောင်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်း နှလုံးလှလူမိုက်ကြီးများ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်ဖြုတ်ချရှင်းလင်းရေးပဲ၊ အဲ့ဒီတော့ စစ်အာရှင်ဘက်ကပါပြီး သတင်းပေးတာပဲဖြစ်ဖြစ်၊ ဒလန်လုပ်တာပဲဖြစ်ဖြစ် ပါတ်သတ်တဲ့သူတွေကိုလဲ ဆိုးရွားလာရင်ရှင်းလင်းမယ်၊ ဒီတိုက်ပွဲ မပြီးမချင်း တိုက်ပွဲဝင်သွားမယ်” ဟုသူကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required