ကိုဗစ်ထိန်းချုပ်ကုသရေး မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

ကိုဗစ်ထိန်းချုပ်ကုသရေး မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

ဇူလိုင် ၁၄

ကိုဗစ် ၁၉ ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့မှာ မေတ္တာရပ်ခံထားပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ လုပ်ငန်းခွင် ပျက်ကွက်ပြီး လူအင်အား မပြည့်စုံတာနဲ့ အလွန်ကူးစက်မြန် ဗိုင်းရပ်ကူးစက်နေတာကြောင့် ဝန်နဲ့အား မမျှဖြစ်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးအပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်း အများအပြား အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒေသန္တရဆေးခန်းတွေနဲ့ ပြည်သူ့ဆေးရုံတွေမှာ ဆရာဝန်တွေ မရှိ၊ ဖွင့်လှစ်ထားတဲ့ ကိုဗစ်ကုသရေး စင်တာတွေမှာ ပါဝင်ကူညီပေးမယ့် စေတနာ့ဝန်ထမ်းတွေမရှိတဲ့အတွက် ဆရာဝန်၊ သူနာပြုတွေကို ကန်ထရိုက် စာချုပ်စနစ်နဲ့ အာဏာသိမ်း စစ်ကောင်စီက စတင်ခေါ်ယူနေတာကိုလည်း တွေ့ရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly