အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားတွင် ပါကစ္စတန်အကြမ်းဖက်သမား ၂ ဦးကို သုတ်သင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

By Zee5
14 July 2021
အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားတွင် ပါကစ္စတန်အကြမ်းဖက်သမား ၂ ဦးကို သုတ်သင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယား၏ ရာဂျိုရီ ခရိုင် ဆန်ဒါဘာနီ နယ်မြေ ဒါဒယ်လ် သစ်တောဧရိယာတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့၀င်များနှင့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခုအတွင်း ပါကစ္စတန်မှ အကြမ်းဖက်သမားနှစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ အေကေ-၄၇ ရိုင်ဖယ်နှစ်လက်နှင့် ခဲယမ်းကျည်အမြောက်အမြား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း ဂျမူးရှိ ကာကွယ်ရေးဆိုင်ရာ ပြည်သူ့ဆက်ဆံပြန်ကြားရေးရုံးက ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးတွင် အိန္ဒိယစစ်သားနှစ်ဦးဖြစ်သည့် စရီဂျစ် အမ် နှင့် မာရူပရိုလူ ဂျက်စ်၀မ့်သ် တို့သည်လည်း သေစေလောက်သည့် ဒဏ်ရာများ အပြင်းအထန် ရခဲ့ကြောင်း အဆိုပါ ရုံးက ထုတ်ပြန်ခဲ့ကာ ဧရိယာအတွင်း အသေးစိတ် နှံ့နှံ့စပ်စပ် ရှာဖွေမှုများ ဆက်လုပ်နေကြောင်း ပြောခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယား၏ ရာဂျိုရီ ခရိုင် ဆန်ဒါဘာနီ နယ်မြေ ဒါဒယ်လ် ဧရိယာတွင် အကြမ်းဖက်သမားများ စိမ့်၀င် ရောက်ရှိ လှုပ်ရှားနေသည် ဆိုသည့် သတင်းပေးချက်အရ အိန္ဒိယစစ်တပ်သည် ကျယ်ပြန့်နှံ့စပ်သည့် ရှာဖွေရေး စစ်ဆင်မှုတစ်ခုကို ၂၀၂၁ ဇွန်လ ၂၉ ရက်တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း ဂျမူးရှိ ကာကွယ်ရေးဆိုင်ရာ ပြည်သူ့ဆက်ဆံပြန်ကြားရေးရုံး၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

ယင်းနောက် ၂၀၂၁ ဇူလိုင် ၈ ရက်တွင် သတင်းအချက်အလက် ပိုမိုခိုင်မာသေချာလာခဲ့ပြီးနောက် အကြမ်းဖက်သမားများနှင့် ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ကြိုတင်အသင့်ပြင်ဆင်ထားသည့် ရှာဖွေနှိမ်နင်းရေး ကင်းလှည့်မှုတစ်ခုတွင် အိန္ဒိယတပ်ဖွဲ့၀င်များသည် ဒါဒယ်လ် သစ်တောဧရိယာတွင် အကြမ်းဖက်သမားများကို တွေ့ခဲ့ပြီး ထိပ်တိုက်ရင်ဆိုင် စိန်ခေါ်ခဲ့သည်။

“အကြမ်းဖက်သမားတွေက စပစ်ခဲ့ပါတယ်၊ လက်ပစ်ဗုံးတွေနဲ့လည်း ပစ်ခဲ့တယ်၊ အဲဒီမှာ ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတစ်ခု ဖြစ်ပြီး ပါကစ္စတန်ကနေ လာတဲ့ နိုင်ငံခြားသား အကြမ်းဖက်သမားနှစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ပြောသည်။

အစောပိုင်း ဇွန်လ ၃၀ ရက်ကလည်း နယ်စပ်ထိန်းချုပ်မျဥ်း (LoC) မှ ကီလိုမီတာအနည်းငယ်သာ ကွာဝေးသည့် ရာဂျိုရီရှိ ဒါဒယ် ကျေးရွာအနီး မသင်္ကာဖွယ် လက်နက်ကိုင်ဆောင်ထားသူ အုပ်စုတစ်ခုနှင့်အကြား အပြန်အလှန် ပစ်ခတ်မှုတစ်ခုအတွင်း စစ်သားတစ်ဦး ဒဏ်ရာအနည်းငယ် ရခဲ့သည်။

“နယ်စပ်ထိန်းချုပ်မျဥ်းကနေ ကီလိုမီတာအနည်းငယ်သာ ကွာဝေးတဲ့ ဒါဒယ် ကျေးရွာနားမှာ မသင်္ကာဖွယ် လက်နက်ကိုင်ဆောင်ထားသူ အုပ်စုတစ်ခု ရှိနေတယ်ဆိုတဲ့ သတင်းရလို့ ရှာဖွေရေး လုပ်ငန်းတွေ ညနေခင်းမှာပဲ လုပ်ခဲ့ရပါတယ်၊ အဲဒီညဘက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်လို့ ကျွန်တော်တို့ စစ်သားတစ်ယောက် မပြင်းထန်တဲ့ ဒဏ်ရာတစ်ချို့ ရခဲ့ပါတယ်၊ သူ့ကို ဘေးကင်းရာ ပို့ခဲ့ပါတယ်၊ စစ်ဆင်ရေးကိုလည်း ဆက်လုပ်နေပါတယ်” ဟု အိန္ဒိယစစ်တပ်၏ ဝှိုက်နိုက်တပ်ဖွဲ့က တွစ်တာတွင် ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly