အာဏာသိမ်း စစ်ကောင်စီဟာ ကိုဗစ်ကို နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်လို့ NUG ဝေဖန်

အာဏာသိမ်း စစ်ကောင်စီဟာ ကိုဗစ်ကို နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်လို့ NUG ဝေဖန်

ဇူလိုင် ၁၃

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရေး စိတ်စေတနာ ကင်းမဲ့ပြီး ကိုဗစ် ၁၉ ရောဂါ တတိယလိုင်းကို နိုင်ငံရေးအရ အမြတ်ထုတ်ကာ ပြည်သူတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ငန်းတွေ အင်အားချို့နဲ့သွားအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာနက ဝေဖန် ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူခွင့်အရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့ ထုတ်ပြန်တဲ့ ကိုဗစ်တတိယလိုင်း တုံ့ပြန်လုပ်ဆောင်နေမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းပြောထားတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ကိုဗစ် တတိယလိုင်းဒဏ်ကို ခံစားနေကြရတဲ့ မြန်မာပြည်သူတွေဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို မရရှိရုံမကဘဲ ရရှိခံစားရမယ့်အရာတွေကိုပါ အာဏာသိမ်းစစ်ကောင်စီက နှောင့်ယှက်၊ ဟန့်တားနေတယ်လို့ လူအခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အခုလို နှောင့်ယှက်ဟန့်တားနေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပြည်သူ့ကျန်းမာရေးကို ထိခိုက်ရုံမက ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုကို နောက်ထပ်ကျူးလွန်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ကျန်းမာရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေအပေါ် နှောင့်ယှက်ဟန့်တားနေတာတွေကို ချက်ချင်းရပ်တန့်ပြီး လိုအပ်နေတဲ့ ဒေသတွေနဲ့ ပြည်သူတွေထံ ကျန်းမာရေးအကူအညီတွေ ရောက်ရှိစေဖို့အတွက် ထောက်ပံ့မှု လမ်းကြောင်းတွေကို ဖွင့်ပေးထားဖို့ ပြင်းထန်စွာ သတိပေးကြောင်း အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly