စစ်ကောင်စီတပ်က ကနီနယ်သား ၁၆ ဦးကို ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်

စစ်ကောင်စီတပ်က ကနီနယ်သား ၁၆ ဦးကို ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်

ဇူလိုင် ၁၃

ကနီမြို့နယ် ယင်းရွာသားများက အစုလိုက်အပြုံလိုက်တွေ့ရသော လူ့ရုပ်အလောင်းအများ၏အပေါ်တွင်ရှိနေသေးသော အဝတ်အစား၊ အမှတ်အသားတွေကိုကြည့်ရင်း ဘယ်သူဘယ်ဝါရယ်လို့ ကြိုးစားခွဲခြားနေခဲ့ကြသည်။ 

 ကိုစည်သူအောင် (အသက် ၂၆ နှစ်) ၏ ရုပ်အလောင်းကို သူ၏ ဆွေမျိုးသားချင်းတစ်ဦးက တွေ့လိုက်သောအခါ ငိုင်ကျသွားသည်။ 

“သူတို့သတ်လိုက်ကြတာ၊ သူ့မှာ သေနတ်ဒဏ်ရာတော့မတွေ့ဘူးဗျာ၊ နှိပ်စက်ထားတာတော့ နေရာအနှံ့ပဲ၊ ခြေထောက်တွေလက်တွေမှာ ကြိုးတွေတုတ်ထားကြတာ၊ဒရွတ်တိုက်ဆွဲထားကြတာ" ဟု သူက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယင်းရွာနှင့် ကုန်းသာရွာအနီးက တောအုပ်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသားများအား စစ်ကောင်စီတပ်သားများက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

စုစုပေါင်း ၂၂ ဦးအဖမ်းခံရသည့်အထဲ ၁၆ ဦး အသတ်ခံရသည်။ အသတ်ခံရသူများမှာ ယင်းရွာမှသား ၁၄ ဉီး၊ မင်းကင်းနယ်ဘက်မှ တစ်ဦးနှင့် အခြားဒေသကတစ်ဦးဖြစ်သည်။ ကျန်သူများဘယ်ကိုရောက်နေသည်နှင့် ကံကြမ္မာကိုတော့ အခုထက်ထိမသိရသေးပါ။

" သူ့တို့အလောင်းတွေမြင်လိုက်တော့ဗျာ၊ ကျွန်တော်ဘယ်လိုပြောပြရမှန်းတောင်မသိဘူးဗျာ" ဟု ရွာသားတစ်ဦးက ပြောသည်။ 

 အကြမ်းဖက်စစ်ကောင်စီတပ်က ရန်ပြုလာမည်ကိုစိုးရိမ်သောကြောင့် ကျန်ရစ်သူမိသားစုဝင်အများစုမှာ သေဆုံးသူများ၏ အမည်များကိုပင် မီဒီယာတွင် ထုတ်ဖော်ပြောဆိုရန် မဝံ့ဘဲဖြစ်နေသည်။ 

ဇူလိုင်လ ၃ ရက်နေ့မှ စတင်ကာ စစ်သား ၂၀၀ ခန့်သည် ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းရွာများမှတဆင့် ယင်း၊ ကုန်းသာ၊ ကျောက်လှေကားကျေးရွာများထိရောက်လာသည်။

ဇူလိုင်လ ၉ ရက်တွင် ဒေသခံ ၁၅ ဦးကိုဖမ်းဆီးခဲ့ပြီး နောက်နေ့တွင် ၁၁ ဦးထပ်ဖမ်းသည်။ အမျိုးသမီးလေးဦးကိုတော့ ပြန်လွှတ်ပေးခဲ့သည်။   

ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ယင်းရွာအရှေ့မြောက်ဘက်ရှိ ခင်တန်းရှည်ရိုးထိပ်တွင် ဖမ်းထားသူများထဲက တစ်ဦးကို သေနတ်နှင့်ပစ်သတ်ပြီး လျှိုထဲသို့ပစ်ချလိုက်သည်ကို အနီးတွင်ပုန်းအောင်းကာချောင်းကြည့်နေသော ရွာသားတစ်ဦးက မြင်တွေ့ခဲ့ရသည်။ 

ရုပ်အလောင်းများ၏အနေအထားအရ ကျန်သူများလည်း ထိုနေ့တွင်ပင် အသတ်ခံရသည်ဟု ရွာသားများက ယူဆကြသည်။

စစ်သားများပြန်သွားသည့်အခါ ပုန်းအောင်းနေရာက ထွက်လာခဲ့သော ဒေသခံများသည် အလောင်းမကောက်ဝံ့ကြသေးဘဲ ဇူလိုင် ၁၂ ရက်နေ့ နေ့လည်ပိုင်းကြမှသာ လုပ်ဆောင်နိုင်ကြသည်။   

သေဆုံးသူများတွင် အသက် ၁၈ နှစ်အရွယ်မှသည် အသက် ၅၀ ကျော်အရွယ်ထိပါဝင်သည်။ ၁၈ နှစ်သား မောင်သန်းမင်းဦးမှာ ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှာစိုးရိမ်၍ ကြီးတော်ဖြစ်သူနေအိမ်သို့လာရောက်နေသူဖြစ်သည်။

ရုပ်အလောင်းများကို မီးရှို့ချိန်တွင် အလောင်းအချို့က ယမ်းပေါက်ကွဲထွက်မှုများရှိခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်က မိုင်းထောင်ထားခဲ့တာဟု ဒေသခံများက စွပ်စွဲကြသည်။ 

“ရုပ်အလောင်းတွေကိုတော့ ဒေသခံတွေက အဆင်ပြေအောင်မီးရှို့ သဂြိုလ်တာမျိုးလုပ်ပေးတာမျိုးရှိတယ်၊ အရင်နေ့ကဆိုရင် အဲ့ဒီ ရုပ်အလောင်းတွေရဲ့အောက်မှာ မိုင်းတွေထောင်ခဲ့တာမျိုးတွေ့ရတယ်၊ ဒေသခံတွေက မသင်္ကာလို့ အဝေးက သစ်ကိုင်းတွေ၊ မီးတုတ်တွေပစ်ကြည့်ပြီး မီးရှို့တော့ သုံးလောင်းလောက်ပေါက်ကွဲတယ်၊ လူတွေမထိခိုက်မိလို့တော်သေးတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့၊ နေ့လည် ၂ နာရီခွဲအချိန်တွင် ကနီမြို့နယ် ဘုတလင်၊ ကနဲလမ်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဘက်က လေးဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရသည်။ 

တော်လှန်ရေးတပ်သားများ လူစုနေခိုက် စစ်ကောင်စီတပ်ဘက်က တစ်ဘက်သတ်ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ဒလန်များလမ်းပြမှုကြောင့်ဖြစ်နိုင်ကြောင်း တပ်ဆုတ်လာရသူ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီအားသာကာ အကျအဆုံးမရှိနိုင်ဟု သူကပြောသည်။

ထိုတိုက်ပွဲနောက်ပိုင်းတွင် စစ်ကောင်စီတပ်များက ရွာများအတွင်းသို့ ဝင်ရောက်လာပြီး ပုန်းအောင်းနေသူများကို ရှာဖွေဖမ်းဆီးခြင်းနှင့် ရွာသားများ၏ ဆိုင်ကယ် အစီး ၂၀ ကျော်ကို အုမ္မနှင့် ယင်းရွာကြားတောတိုက်တစ်ခုတွင် မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။ 
“ ဖမ်းတယ်၊ ရိုက်နှက်စစ်ဆေးတာတွေလုပ်တယ်၊ မထင်ရင်မထင်သလို ရမ်းပြီးပစ်တာမျိုးတွေရှိတယ်” ဟုရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဘေးလွတ်အောင် ဆိုင်ကယ်ပေါ်တင်ပြေးရာက အသက် ၇၀ အရွယ် အဘိုးတစ်ဦး ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးခဲ့သည်။

 “ခုလိုသူတို့သတ်ပြလိုက်မယ်၊ ပြည်သူ့ပစ္စည်းတွေဖျက်ဆီးပြလိုက်မယ်ဆိုရင်၊ ပြည်သူတွေသူတို့ကို မတွန်းလှန်နိုင်တော့ဘူး၊ ကြောက်သွားမယ်လို့ ယူဆပြီး ဒါကို စစ်ဆင်ရေးတစ်ရပ်အဖြစ်နဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ” ဟု ရွာသားတစ်ဦးက မဇ္ဈိမသို့ ပြောသည်။ 

လူအမြောက်အများအားသတ်ဖြတ်မှုသည် ရာဇဝတ်မှုထက်ပိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးက ပြောသည်။

“တော်တော့ကိုလူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်၊ ဘာကြောင့်လဲဆိုရင် ဒီလူတွေက ဆန့်ကျင်ပြီး လက်နက်ကိုင်နေတဲ့သူတွေလုံးဝမဟုတ်ဘူး၊ တိုက်ပွဲတွေ ၊စစ်ပွဲတွေကို ကြောက်ပြီးပုန်းရှောင်နေတဲ့သာမန်အရပ်သားတွေ၊ ကာကွယ်ခုခံမှုမလုပ်နိုင်တဲ့သူတွေကို အခုလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုက ရာဇဝတ်မှုကျူးလွန်တာဆိုတာထက် ယုတ်မာနေကြတာဖြစ်တယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် ယခုအကြိမ်သည် ပထမဆုံးတော့ မဟုတ်ပါ။ ဒီပဲယင်း၊ မင်းတပ်၊ လွိုင်ကော်မြို့တို့တွင်လည်း ကျူးလွန်ခဲ့ဖူးသည်။ 

“ ဒီလိုသတ်ဖြတ်မှုမျိုးကမဖြစ်သင့်ဘူး၊ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ကိစ္စဖြစ်တယ်၊ သူတို့ဆီမှာ အာဏာရှိနေသရွေ့တော့ ဒီလိုအဖြစ်ဆိုးတွေကို ရပ်တန့်နိုင်မှာမဟုတ်ပါဘူး” ဟု CDM ပြုလုပ်ထားသူ ဗိုလ်ကြီး ညီသုတကဆိုသည်။ 

စစ်ကောင်စီတပ်က ယင်းရွာအစုလိုက်အပြုံလိုက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနောက်ပိုင်း ရွာသားတစ်ချို့ကတော့ အိမ်မပြန်ရဲသေးဘဲ တောထဲပုန်းနေကြဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly