တရုတ်မှာ ဟိုတယ်ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံး

တရုတ်မှာ ဟိုတယ်ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံး
Photo - AFP

ဇူလိုင် ၁၃

တရုတ်နိုင်ငံအရှေ့ပိုင်း စုကျိုးမြို့မှာ ဟိုတယ်တစ်လုံး ပြိုကျခဲ့ပြီးနောက် လူ ရှစ်ဦးသေဆုံးပြီး အခြား လူကိုးဦး ပျောက်ဆုံးလျက် ရှိကြောင်း ဒေသအစိုးရက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။

စရိတ်သက်သာတဲ့ ဟိုတယ်တစ်ခုဖြစ်တဲ့ စီကျီ ကိုင်ယွမ် ဟိုတယ်အဆောက်အအုံဟာ ဇူလိုင် ၁၂ ရက် နေ့လည်ပိုင်းက ပြိုကျခဲ့ပြီးနောက် အုတ်ကျိုးအုတ်ပဲ့တွေထဲကနေ လူခြောက်ဦးကို ကယ်ထုတ်ထားနိုင်ခဲ့တယ်လို့ ၀ူကျန်းခရိုင်အစိုးရက ပြောပါတယ်။

အစောပိုင်းတုန်းက လူ ၁၄ ဦးအထိ ကယ်ဆယ်ထားနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပေမယ့် ယင်းနောက် ထပ်မံ စစ်ဆေးအကဲဖြတ်မှုတွေ လုပ်ပြီးနောက် ကယ်ဆယ်ထားနိုင်ခဲ့တဲ့ စာရင်းအသစ်ကို ထပ်မံထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

ခုလို ဟိုတယ် ပြိုကျမှုဖြစ်ရပ်ဆိုး ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

အဆိုပါ ဟိုတယ်ဟာ ၂၀၁၈ ခုနှစ်က စဖွင့်ခဲ့ပြီး တည်းခိုနိုင်တဲ့ အခန်းပေါင်း ၅၄ ခန်း ရှိကြောင်း ခရီးသွား၀က်ဘ်ဆိုဒ် Ctrip ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဟိုတယ်ပြိုကျပြီး ကြီးမားလှတဲ့ အုတ်ကျိုးအုတ်ပဲ့ အစုအပုံတွေကြားထဲမှာ လိမ္မော်‌ရောင်၀တ် ကယ်ဆယ်ရေးသမားတွေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ ပုံရိပ်တွေလည်း ထွက်ပေါ်ထားခဲ့ပါတယ်။

ရှန်ဟိုင်းမြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ခန့် လောက်မှာ ရှိပြီး လူဦးရေ ၁၂ သန်းကျော် နေထိုင်တဲ့ စုကျိုးမြို့ကတော့ ယင်းရဲ့ တူးမြောင်းတွေ၊ ရာစုနှစ်ကြာ သက်တမ်းရှိ ပန်းခြံဥယျာဥ်တွေကြောင့် ခရီးသွားတွေအကြား ပေါ်ပြူလာဖြစ်တဲ့ မြို့တစ်မြို့ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်မှာ အဆောက်အအုံ ပြိုကျမှုတွေ ဒါမှမဟုတ် မတော်တဆမှုဖြစ်စဥ်တွေဟာ မကြာခဏ ဖြစ်ပွားထားခဲ့ပြီး အဲဒီလို ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ ရံဖန်ရံခါဆိုသလို ဆောက်လုပ်ရေး စံနှုန်းတွေ လိုက်နာမှုပိုင်း လျော့ရဲမှု ဒါမှမဟုတ် အကျင့်ပျက်ခြစားမှုတို့အပေါ် ပြစ်တင်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly