နျူကလီးယားနည်းပညာသစ်ကို တရုတ်က ကြံစည်နေကြောင်း အမေရိကန် သံတမန် သတိပေး

နျူကလီးယားနည်းပညာသစ်ကို တရုတ်က ကြံစည်နေကြောင်း အမေရိကန် သံတမန် သတိပေး
(AP Photo/Mark Schiefelbein, File)

တရုတ်က ရေတပ်နှင့် ဝေဟင်ကို အုပ်စိုးရေးအတွက် နျူကလီးယားလက်နက်စနစ်များ တီထွင်ရန် စိတ်ဝင်စား နေခြင်းသည် မဟာဗျူဟာတည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း လက်နက်ဖျက်သိမ်းရေးကို အာရုံစိုက်လုပ်ကိုင်သည့် အမေရိကန်သံတမန်က ဇူလိုင်လ ၈ရက်တွင် ပြောကြားခဲ့သည်။

ဂျီနီဗာတွင် ကျင်းပသည့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာညီလာခံသို့ တက်ရောက်လာသည့် အမေရိကန် သံအမတ် ရောဘတ်ဝုဒ်က တရုတ်က ယင်းနည်းပညာဖြင့် လက်နက်မထုတ်လုပ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

ရုရှားက ထုတ်လုပ်နေသည့် နျူကလီးယားစွမ်းအင်သုံး ရေအောက်ဒရုန်းများနှင့် နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည်များကဲ့သို့သော ထူးခြားဆန်းပြားသောနျူကလီးယားလက်နက်များကို တရုတ်က စိတ်ဝင်စားနေကြောင်းကို ၎င်းက မှတ်ချက်ပြုထားသည်။

"ဒါဟာ သူတို့ကြံစည်နေတဲ့အရာပါ” ဟု ဝုဒ်က ပြောကြားခဲ့သည်။ “ဒီလိုမျိုး လက်နက်တွေနဲ့ ဝေဟင်စနစ်တွေကို တီထွင်လိုက်မယ်ဆိုရင် မဟာဗျူဟာတည်ငြိမ်မှုအနေအထားကို လှုပ်လှုပ်ရှားရှား ဖြစ်သွားနိုင်တဲ့ အလားအလာရှိပါတယ်" ဟု ဝုဒ်က ပြောကြားခဲ့သည်။

အမေရိကန်တွင် ယင်းစနစ်မျိုးမရှိသေးပေ။

“ လွန်ခဲ့တဲ့ ၁၀ နှစ်ကဆို တရုတ်က ဒါမျိုးမလုပ်နိုင်ပါဘူး” ဟု ဝုဒ်က ထပ်လောင်းဆိုခဲ့ပြီး၊ တရုတ်လက်နက်စနစ်များ၏ အရေအတွက်နှင့် အရည်အသွေးတိုးတက်လာနေကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

"သူတို့က ရုရှားတွေ တီထွင်နေတဲ့ နျူကလီးယားစွမ်းအင်ဖြန့်ဖြူးရေးစနစ်နဲ့ ဆင်တူတဲ့ လက်နက်တွေကို တီထွင်ချင်နေတာပါ”

ရုရှားက ယင်းကဲ့သို့သော လက်နက်များတီထွင်ရခြင်းသည် အမေရိကန်၏ ပဲ့ထိန်းဒုံးကျည်များ ကာကွယ်ရေးစနစ်ကို တန်ပြန်ရန်ရည်ရွယ်သည်ဟု ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly