အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်များ ရုပ်သိမ်းမှု သြဂုတ် ၃၁ တွင် ပြီးပြတ်မည်ဟု သမ္မတဘိုင်ဒင် အတည်ပြု

By Yahoo/ ANI
13 July 2021
အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်များ ရုပ်သိမ်းမှု သြဂုတ် ၃၁ တွင် ပြီးပြတ်မည်ဟု သမ္မတဘိုင်ဒင် အတည်ပြု

 အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ ရုပ်သိမ်းမှုက လာမည့် သြဂုတ် ၃၁ တွင် ပြီးပြတ်လိမ့်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇူလိုင် ၈ ရက်တွင် အတည်ပြုခဲ့သည်။

“ကျွန်တော် ဧပြီလတုန်းက တပ်တွေ ရုပ်သိမ်းမှုနဲ့ပတ်သက်လို့ ကြေညာခဲ့တုန်းက ဒါဟာ စက်တင်ဘာလမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်၊ အဲဒီ လျာထားချက်ကို ကျွန်တော်တို့ ပြည့်မီသွားဖို့ ရှိနေပါတယ်၊ အာဖဂန်နစ္စတန်မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ စစ်တပ် မစ်ရှင်ဟာ သြဂုတ် ၃၁ ရက်မှာ အပြီးသတ်မှာဖြစ်ပါတယ်၊ တပ်ရုပ်သိမ်းမှုကို ဘေးကင်းလုံခြုံစွာနဲ့ စနစ်တကျ ဆက်လုပ်နေပါတယ်၊ ကျွန်တော်တို့ တပ်ဖွဲ့၀င်တွေ သူတို့ ထွက်ခွာချိန်အထိ ဘေးကင်းလုံခြုံရေးအတွက် ဦးစားပေးလုပ်ဆောင်နေပါတယ်” ဟု ဘိုင်ဒင်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အာဖဂန်နစ္စတန်ရှိ အမေရိကန်၏ တပ်ဖွဲ့များ ရုပ်သိမ်းမှုဆိုင်ရာ အားထုတ်မှုများနှင့်ပတ်သက်ပြီး ပြောခဲ့သည်။

“စစ်ပွဲကို အဆုံးသတ်ဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့တာနဲ့တပြိုင်နက် ကျွန်‌တော်တို့ရဲ့ စစ်တပ် တပ်မှူးတွေက အကြံပေးခဲ့ပါတယ်၊ တပ်တွေ ထွက်ခွာရုပ်သိမ်းမှုရဲ့ အဓိက အပိုင်းတွေကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်ရွှေ့ဖို့ လိုပါတယ်၊ ပြီးတော့ ဒီခေါင်းစဥ်အောက်မှာ မြန်ဆန်မှုက ဘေးကင်းလုံခြုံမှုလည်း ဖြစ်ပါတယ်၊ အဲဒီလမ်းကြောင်းနဲ့အတူ ကျွန်တော်တို့ စီမံထားခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ထွက်ခွာမှုက အမေရိကန်တပ်ဖွဲ့၀င် တစ်ဦးတစ်ယောက်မှ ဆုံးရှုံးမှု မရှိထားပါဘူး၊ ကျွန်တော်တို့ရဲ့ ရုပ်သိမ်းမှုကို အဲဒီလိုမလုပ်ဘဲ မတူကွဲပြားစွာ လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့

အမှုထမ်းတွေရဲ့ ဘေးကင်းမှုအပေါ် အန္တရာယ်တွေ သေချာပေါက် တိုးလာပါလိမ့်မယ်” ဟု ဘိုင်ဒင်က ပြောခဲ့သည်။

အာဖဂန်နစ္စတန်ကနေ ကျန်ရှိနေသည့် တပ်ဖွဲ့၀င်များကို စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထားပြီး အပြီးသတ် ရုပ်သိမ်းရန် ဘိုင်ဒင်က ကနဦးက သတ်မှတ်ထားခဲ့သည်။ “ကျွန်တော့်အတွက်ကတော့ ဒီလို အန္တရာယ်တွေက လက်သင့်ခံစရာ မရှိပါဘူး၊ ကျွန်တော်တို့ရဲ့ စစ်တပ်ဟာ ဒီ တာ၀န်ကို အမြင့်ဆုံးလယ်ဗယ် ပရော်ဖက်ရှင်နယ် ဆန်မှုနဲ့အတူ ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်ဆိုတာ ဘယ်တုန်းကမှ သံသယဖြစ်စရာ မရှိခဲ့ပါဘူး၊ ဒါ သူတို့လုပ်နေတာတွေ ဖြစ်သလို ကျွန်တော်တို့ကို ထောက်ပံ့ပေးထားခဲ့တဲ့ နေတိုး အုပ်စုနဲ့ ပါတနာတွေအတွက်လည်း ဒီအတိုင်း အတူတူပဲဖြစ်ပါတယ်” ဟု ဘိုင်ဒင်က အာဖဂန်နစ္စတန်ကနေ ဆောလျင်စွာ ထွက်ခွာမှုနှင့်ပတ်သက်ပြီး ပြောခဲ့သည်။

အမေရိကန်အနေဖြင့် အာဖဂန်နစ္စတန်တွင် လုပ်ပိုင်ခွင့်အာဏာတစ်ချို့ ဆက်ထိန်းထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ကျွန်တော် ထပ်ပြီး ရှင်းလင်းချင်ပါတယ်၊ အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်တပ်ဟာ သြဂုတ်လကုန်အထိ ဆက်ရှိနေမှာပါ၊ အဲဒီနိုင်ငံမှာ အမှုထမ်းနဲ့ လုပ်နိုင်စွမ်းတွေ ဆက်ထိန်းထားမှာပါ၊ ကျွန်တော်တို့ အချိန်ကာလကြာ လုပ်ဆောင်ထားခဲ့တဲ့ အောက်မှာပဲ လုပ်ပိုင်ခွင့်တစ်ချို့ ဆက်ထိန်းထားမှာပါ” ဟု ၎င်းက ပြောခဲ့သည်။

“ကျွန်တော် ဧပြီလက ပြောခဲ့သလိုပါပဲ၊ အာဖဂန်နစ္စတန်မှာ ကျွန်တော်တို့ ၀င်ရောက်လုပ်ကိုင်ခဲ့တာတွေကတော့ ၉/၁၁ မှာ အမေရိကန်ကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို လက်ရနှိမ်နင်းနိုင်ဖို့၊ အိုစမာ ဘင်လာဒင်ကို တရားစီရင်ဖို့၊ အမေရိကန်အပေါ် ဆက်လက်ပစ်မှတ်ထားနိုင်တဲ့ တိုက်ခိုက်မှုတွေအတွက် အာဖဂန်နစ္စတန်ကို အခြေစိုက်နေရာတစ်ခု ဖြစ်မလာအောင် တားဆီးဖို့ အတွက် အမေရိကန်အနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု အာဖဂန်နစ္စတန် စစ်ပွဲ၏ ရည်ရွယ်ချက်များနှင့်ပတ်သက်ပြီး ဘိုင်ဒင်က ပြောသွားခဲ့သည်။

“ကျွန်တော်တို့ အဲဒီ ရည်မှန်းချက်တွေကို အောင်မြင်ခဲ့ပါတယ်၊ ဒါကြောင့်လည်း ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု ဘိုင်ဒင်က အ‌လေးပေး ပြောခဲ့သည်။

"We achieved those objectives. That's why we went," stressed Biden. (ANI) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required