နီပေါတရားရုံးချုပ်က ဝန်ကြီးချုပ်အား ဖယ်ရှားကာ လွှတ်တော်ကို ပြန်လည်အသက်သွင်း 

နီပေါတရားရုံးချုပ်က ဝန်ကြီးချုပ်အား ဖယ်ရှားကာ လွှတ်တော်ကို ပြန်လည်အသက်သွင်း 
Photo - AFP

ဇူလိုင် ၁၃

နီပေါ ထိပ်တန်းတရားရုံးဟာ ခေတ္တဝန်ကြီးချုပ်ဖြစ်သူကို ထုတ်ပယ်ပြီး ဖျက်သိမ်းထားတဲ့ လွှတ်တော်ကို တနင်္လာနေ့မှာ ပြန်လည်အသက်သွင်းကြောင်း စီရင်ချက် ချလိုက်တာကြောင့် ဟိမဝန္တာဒေသ နီပေါနိုင်ငံအနေနဲ့ နောက်ထပ် နိုင်ငံရေး မရေရာမှုတွေဆီ ဦးတည်လို့ နေပါတယ်။ 

ဝန်ကြီးချုပ် ကေပီရှာမားအိုလီနဲ့ သူ့ပါတီတွင်းက အကြီးတန်းခေါင်းဆောင်တွေကြားက ပွတ်သပ်မှုတွေကြားမှာ နိုင်ငံဟာ လများစွာ နိုင်ငံရေးအကျပ်အတည်း ဆိုက်ရောက်လို့နေတာပါ။ 

“ဖျက်သိမ်းထားတဲ့ လွှတ်တော်ကို ပြန်လည်စတင် ခေါ်ယူမှာ ဖြစ်တယ်”ဆိုပြီး တရားရုံးက စီရင်ချက်မှာ ရေးသားဖော်ပြပါတယ်။ 

ဝန်ကြီးချုပ် အိုလီဟာ ဒီဇင်ဘာလအတွင်းက လွှတ်တော်ကို ပထမဆုံး ဖျက်သိမ်းခဲ့ပေမယ့် ဖွဲ့စည်းပုံနဲ့ မညီညွတ်တဲ့ ဆောင်ရွက်ချက်အဖြစ် ပြောဆိုပြီး တရားရုံးချုပ်က ပြန်လည်အသက်သွင်းခဲ့ပါတယ်။ 

ဒီနောက်ပိုင်း အသက် ၆၉ နှစ်အရွယ် အိုလီဟာ အောက်လွှတ်တော်မှာ အယုံအကြည်ရှိမှုအဆို မဲရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အဓိကအတိုက်အခံပါတီကြီးတွေက လွှတ်တော်နှစ်ရပ်မှာ ထောက်ခံတဲ့ အများစုမဲ မရရှိတာကြောင့် အိုလီဟာ ဝန်ကြီးချုပ် ရာထူး တည်မြဲနေခဲ့တာပါ။ 

မေလအတွင်းမှာ အိုလီဟာ လွှတ်တော်ကို ဖျက်သိမ်းဖို့ ထပ်ကြိုးပမ်းပေမယ့် သူ့ရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်ကို တရားရုံးချုပ်မှာ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက အမှုစွဲဆိုတာပဲ ဖြစ်ပါတယ်။ 

အဓိက အတိုက်အခံခေါင်းဆောင် ရှားဗဟာဒူဒူးဘာဟာ ဝန်ကြီးချုပ်အဖြစ် အများစုရဲ့ စိတ်ကျေနပ်မှုကို ကိုယ်စားပြုထားတာကြောင့် အင်္ဂါနေ့နှောင်းပိုင်းမှာ အိုလီရဲ့ နေရာမှာ အစားထိုးသင့်ကြောင်း စီရင်ချက်မှာ တရားရုံးချုပ်က ရေးသားထားပါတယ်။ 

ဒူးဘာဟာ ဝန်ကြီးချုပ်အဖြစ် တက်လှမ်းရောက်ရှိနိုင်ဖို့ တစ်လအတွင်းမှာ ကျင်းပမယ့် အောက်လွှတ်တော် အယုံအကြည်ရှိမှု မဲပေးရာမှာ အနိုင်ရဖို့ ရှိနေပါတယ်။ 

အောက်လွှတ်တော် ၂၇၅ နေရာမှာ ၁၄၉ အမတ်နေရာရဲ့ ထောက်ခံမှုကို ရရှိထားတယ်လို့ နီပေါကွန်ဂရက်လွှတ်တော်ရဲ့ အကြီးအကဲ ဒူးဘာက အစောပိုင်းမှာ ပြောထားပါတယ်။ 

အိုလီက သူ စိတ်ရှိတိုင်း လုပ်နေတာတွေကို တရားရုံးချုပ်က တားဆီးရပ်တန့်လိုက်တာပဲ ဖြစ်တယ်ဆိုပြီး နိုင်ငံရေးအကဲဖြတ် ရတ်ချ်ဘာရဲလ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

“နိုင်ငံရေး တည်ငြိမ်မှုဟာ အက်ကြောင်းနက်ရှိုင်းတဲ့ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့တွေကြား မဟာမိတ်ဖွဲ့နိုင်မှုအပေါ်မှာ များစွာ မှီတည်နေတယ်”လို့ သူက ပြောပါတယ်။ 

အိုလီအစိုးရဟာ အများစုမဲ သုံးပုံနှစ်ပုံနဲ့ ၂၀၁၈ မှာ အာဏာရရှိခဲ့တာ ဖြစ်ပါတယ်။  

အဲဒီ ကာလက မဲခိုင်ခိုင်မာမာ ရရှိခဲ့တဲ့ အိုလီအစိုးရဟာ မတည်ငြိမ်တဲ့ နှစ်ကာလတွေနဲ့ ၂၀၁၅ က ဖျက်အားကြီးတဲ့ ငလျင်ကြောင့် သက်တမ်းတိုတဲ့ အစိုးရတွေကို အဆုံးသတ်စေလိမ့်မယ်လို့ အကောင်းရှုမြင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

ဒူးဘာကတော့ ရက်စက်ပြီး ဆယ်စုနှစ်ကြာမြင့်တဲ့ မော်ဝါဒီတွေရဲ့ ပုန်ကန်သောင်းကျန်းတဲ့ ကာလတွေအပါအဝင် ၁၉၉၅ ကနေ ၂၀၁၈ ကြားမှာ နီပေါဝန်ကြီးချုပ်အဖြစ် လေးကြိမ်တိုင် ရွေးကောက်ခံခဲ့ရသူပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required