အိန္ဒိယတွင် မိုးကြိုးပစ်မှုများကြောင့် လူ ၅၀ ကျော်သေဆုံး

အိန္ဒိယတွင် မိုးကြိုးပစ်မှုများကြောင့် လူ ၅၀ ကျော်သေဆုံး
Amer ခံတပ်တွင် ကင်းစောင့်‌မျှော်စင်နှစ်ခု မိုးကြိုးပစ်ခံရအပြီနောက် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေရေးလုပ်ငန်းများဆောင်၍ရွက်နေစဉ်(Photo - AFP)

ဇူလိုင် ၁၂

အိန္ဒိယနိုင်ငံရှိ ပြည်နယ်တစ်ချို့တွင် မိုးကြိုးပစ်မှုများကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့ထဲတွင် သမိုင်း၀င် ခံတပ်တစ်ခု၌ မိုးကြိုးပစ်ခံရမှုကြောင့်  သေဆုံးခဲ့သူ ၁၁ ဦး ပါ၀င်ကြောင်း အာဏာပိုင်များက ဇူလိုင် ၁၂ ရက်တွင် ပြောသည်။

ယင်းနိုင်ငံတွင် နှစ်စဉ် မုတ်သုံရာသီ စတင်ချိန် ပြင်းထန်သည့် မုန်တိုင်းများအတွင်း လူရာချီ သေဆုံးနေရသည်။

ဥတာ ပရာဒက်ရှ် ပြည်နယ်ရှိ မတူညီသော ဒေသများတွင် မိုးကြိုးပစ်မှုကြောင့် လူ ၄၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အိန္ဒိယ၏ လူဦးရေအသိပ်သည်းဆုံးပြည်နယ်ရှိ သဘာ၀ဘေး တုံ့ပြန်ရေး အာဏာပိုင်များထံမှ သိရသည်။

ရာဂျက်စတန်ပြည်နယ်၏ မြို့တော် ဂျိုင်ပူရ်တွင် ဧည့်သည်များဖြင့် ပြည့်နေခဲ့သည့် ၁၂ ရာစု Amer ခံတပ်တွင် ကင်းစောင့်‌မျှော်စင်နှစ်ခု မိုးကြိုးပစ်ခံခဲ့ရသည်။

“လူတွေ အဲဒီကို ရောက်နေခဲ့ချိန်မှာ မိုးက ရွာနေခဲ့ပါပြီ၊ မိုးက ပိုသည်းလာတော့ သူတို့ အဲဒီမျှော်စင်တွေမှာ တိုးဝှေ့ပူးကပ်ပြီး မိုးခိုခဲ့ကြတာပါ” ဟု ဂျိုင်ပူရ်၏ ရဲအရာရှိတစ်ဦးဖြစ်သည့် ဆော်ရာ တီ၀ါရီက အေအက်ဖ်ပီကို ပြောသည်။

ပြည်နယ်တွင် ပြင်းထန်သည့် အပူရှိန်ကို သီတင်းပတ်များစွာကြာ ခံစားပြီးနောက် လူများသည် ဂျိုင်ပူရ်မြို့တစ်ခွင် ရှုခင်းတစ်ခုကို ကြည့်ရှုနိုင်သည့် အဆိုပါ ခံတပ်သို့ လာရောက်ကြခြင်းဖြစ်သည်။

ယင်းနောက် အဆိုပါ ခံတပ်‌နေရာရှိ မျှော်စင်များ မိုးကြိုးပစ်ခံရမှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး အခြား ၁၇ ဦး ဒဏ်ရာရကာ သုံးဦးသည် အခြေအနေပြင်းထန်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မိုးကြိုးပစ်ခံရချိန်မှာ မျှော်စင်တွေပေါ်မှာ လူ ၃၀ ခန့် ရှိနေခဲ့သည်ဟု တီးဝါရီက ပြောခဲ့သည်။

“ဒဏ်ရာရသူတစ်ချို့ဟာ မိုးကြိုးပစ်ခံရမှုကြောင့် သတိမေ့ခဲ့ကြတယ်၊ တစ်ချို့ကတော့ ကြောက်လန့်တကြား ပြေးလွှားခဲ့ကြတယ်” ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ မျှော်စင်များ၏ တစ်ဘက်ခြမ်းရှိ နက်ရှိုင်းသော ကျုံးတစ်ခုထဲ ပြုတ်ကျနေသူများ ရှိနေမလားဆိုသည်ကို သိရရန် ဇူလိုင် ၁၂ ရက်တွင် အရေးပေါ် အဖွဲ့များက စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြသည်။

ယခုကဲ့သို့ မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးမှုဖြစ်စဥ်များအတွက် ၀မ်းနည်းမိကြောင်းနှင့် သေဆုံးသူများ၏ မိသားစုများထံ ထောက်ပံ့ငွေများ ပေးအပ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် နာရင်ုဒြာ မိုဒီက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly