ဟေတီသမ္မတကို လုပ်ကြံဖို့ လက်နက်ကိုင်တွေကို အင်အားစုခဲ့တဲ့ နိုင်ငံရေးရည်ရွယ်ချက် ရှိသူကို ဖမ်းဆီးရမိ 

ဟေတီသမ္မတကို လုပ်ကြံဖို့ လက်နက်ကိုင်တွေကို အင်အားစုခဲ့တဲ့ နိုင်ငံရေးရည်ရွယ်ချက် ရှိသူကို ဖမ်းဆီးရမိ 
Photo - AFP

ဇူလိုင် ၁၂

ပြီးခဲ့တဲ့ သီတင်းပတ်က ဟေတီသမ္မတ ယိုဗနယ်မွိုက်စ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လက်နက်ကိုင်တွေကို အင်အားစုခဲ့သူဟာ ‘နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိတဲ့’ ဟေတီနိုင်ငံသားတစ်ဦးဖြစ်ပြီး ဖမ်းဆီးရမိထားတယ်လို့ တနင်္ဂနွေနေ့မှာ ရဲတပ်ဖွဲ့က ကြေညာပါတယ်။ 

“ဒီ ပုဂ္ဂိုလ်ဟာ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ ဟေတီနိုင်ငံထဲကို ကိုယ်ပိုင်လေယာဉ်နဲ့ ဝင်ရောက်လာခဲ့သူပါ”လို့ ဟေတီအမျိုးသားရဲဌာန အကြီးအကဲ လီယွန်ချားလ်က ပြောပါတယ်။ 

ဟေတီနိုင်ငံသားတစ်ဦးဖြစ်တဲ့ အသက် ၆၃ ဦးအရွယ် ခရစ္စတင်းအမ်မန်နျူရယ်ဆန်နွန်ဟာ ကိုလံဘီယာနိုင်ငံသား အချို့နဲ့အတူ ဟေတီကျွန်းနိုင်ငံဆီ ဇွန်လတုန်းက ရောက်ရှိလာခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်ထုတ်ပြန်ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဟေတီဝန်ကြီးအချို့လည်း တက်ရောက်ကြပါတယ်။ 

“နောက်ပိုင်း သူတို့ဟာ အစီအစဉ် ပြောင်းလဲလိုက်တယ်”လို့ ချားလ်က ပြောဆိုပြီး ကနဦးက သမ္မတကို ဖမ်းဆီးကြဖို့ ဖြစ်ပေမယ့် နိုင်ငံတွင်းမှာပဲ စစ်ဆင်ရေးတစ်ရပ်အသွင် ဆင်နွှဲကြတာပဲလို့ သူက ရှင်းပြပါတယ်။ 

“ဟေတီနိုင်ငံထဲကို နောက်ထပ် ၂၂ ဦး ဝင်ရောက်လာခဲ့ကြတယ်”လို့ ချားလ်က ဆိုပါတယ်။ လုပ်ကြံမှုဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး ကိုလံဘီယာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးရမိထားပါတယ်။ သူတို့ကို စစ်ကြောမေးမြန်းချက်အရ ဆန်နွန်ဟာ ဖလော်ရီဒါအခြေစိုက် ဗင်နီဇွဲလား လုံခြုံရေးကုမ္ပဏီ CTU ကနေတစ်ဆင့် အဖွဲ့ဝင် ၂၆ ဦးကို အင်အားစုခဲ့တယ်လို့ သိရကြောင်း ဟေတီရဲတပ်ဖွဲ့က ပြောပါတယ်။ 

“သူတို့တွေ လုပ်ကြံမှု ကျူးလွန်ပြီးနောက်ပိုင်း ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ ရဲတွေ ပိတ်ဆို့ဟန့်တားခဲ့တယ်၊ လုပ်ကြံမှုက တစ်ဦးအဖြစ် ပထမပုဂ္ဂိုလ်ဟာ ခရစ္စတင်းအမ်မန်နျူရယ်ဆန်နွန်ပဲ ဖြစ်တယ်”လို့ ချားလ်က ပြောပါတယ်။ 

“သမ္မတ ယိုဗနယ်မွိုက်စ်ကို လုပ်ကြံတဲ့ စီစဉ်ကြိုးကိုင်သူတွေလို့ ကျွန်တော်တို့ ယူဆထားတဲ့ အခြားသူ နှစ်ဦးနဲ့ ဆန်နွန်ဟာ ဆက်သွယ်ခဲ့တယ်”ဆိုပြီး ချားလ်က ပြောပေမယ့် အဲဒီ အခြားသူနှစ်ဦး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်မပြောပါ။ 

အမေရိကန် FBI၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီနဲ့ ပြည်ထဲရေးဌာနတို့က အဖွဲ့ဝင်တွေလည်း တနင်္ဂနွေနေ့မှာ ဟေတီနိုင်ငံကို ရောက်ရှိပြီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံကြပါတယ်။ 

အဖွဲ့ဝင် ၂၈ ဦးပါ တိုက်ခိုက်ရေးအဖွဲ့ဟာ သမ္မတရဲ့ မိသားစုအိမ်ထဲ ဝင်စီးပြီး သမ္မတနဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ခဲ့တာလို့ ဟေတီအာဏာပိုင်တွေအရ သိရပါတယ်။ 

ဒီ ပစ်ခတ်လုပ်ကြံမှုမှာ သမ္မတဟာ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူကတော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရကာ မီယာမီက ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ 

အမေရိကရဲ့ အဆင်းရဲဆုံးဖြစ်ပြီး အကျပ်အတည်း ဆိုက်နေဆဲဖြစ်တဲ့ ဟေတီနိုင်ငံအတွက်တော့ အခုလို သမ္မတ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ဝရုန်းသုန်းကားအခြေအနေဆီ တွန်းပို့လျက် ရှိနေပြီး နိုင်ငံရေးအနာဂတ် မရေရာမှုက နက်ရှိုင်းလို့ လာခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly