ပေကျင်းတွင် မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းပြီး စာသင်ကျောင်းများ ပိတ်ထားရ

ပေကျင်းတွင် မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းပြီး စာသင်ကျောင်းများ ပိတ်ထားရ
Photo - AFP

ဇူလိုင် ၁၂

တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်း၌ ဇူလိုင် ၁၂ ရက်တွင် မိုးသည်းထန်စွာရွာပြီး လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်ရာနှင့်ချီ ဖျက်သိမ်းခဲ့ရပြီး ကျောင်းများနှင့် ခရီးသွားနေရာများကိုလည်း ပိတ်ထားခဲ့ရသည်။

ပေကျင်းမြို့အနေဖြင့် ယခုနှစ်၏ အကြီးဆုံးသော မုန်တိုင်းနှင့် ရင်ဆိုင်ရစဉ်မြို့ခံပြည်သူများ နေအိမ်တွင်းမှာသာ နေကြရန် အာဏာပိုင်များက သတိပေးထားသည်။

နေရာတစ်ချို့တွင် တစ်နေ့တာတွင်း မိုးရေချိန် ၁၀၀ မီလီမီတာအထိ ရွာသွန်းမည်ဟု ခန့်မှန်းထားပြီး မြို့၏ လေဆိပ်နှစ်ခုတွင် လေယာဉ်ခရီးစဉ်၇၀၀ ခန့် ဖျက်သိမ်းခဲ့ရကြောင်း လေ‌ကြောင်းစောင့်ကြည့်ရေးလုပ်ငန်း  VariFlight က ထုတ်ဖော်သည်။

ဇူလိုင် ၁၁ ရက် ညပိုင်းမှ ဇူလိုင် ၁၂ ရက် ညနေခင်းအထိ ပေကျင်းနှင့် အနီး၀န်းကျင် ဧရိယာများတွင် “ပြင်းထန် မိုးသက်မုန်တိုင်းများ” နှင့်အတူ မိုးချုန်းမှု၊ မိုးကြိုးပစ်မှုတို့နှင့်ပတ်သက်ပြီး ရာသီဥတု အာဏာပိုင်များက သတိပေးထားသည်။

မြို့၏ မြောက်ဘက် ဒေသတစ်ခုတွင် မြေပြိုမှုတစ်ခု ဖြစ်ခဲ့သလို နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီ၏ ထုတ်လွှင့်မှုအရ ကျောက်တုံးများဖြင့် လမ်းတစ်လမ်း ပိတ်ဆို့နေသည့် ပုံရိပ်များကို တွေ့မြင်ခဲ့ရသည်။

ကလေးများကို နေအိမ်တွင်သာ ရှိနေစေပြီး မူကြို၊ မူလတန်း၊ အလယ်တန်းကျောင်းများကိုလည်း ဇူလိုင် ၁၂ ရက်တွင် ပိတ်ထားသည်။

ဂရိတ်ဝေါ၏ တစိတ်တဒေသအပါအ၀င် ပေါ်ပြူလာခရီးသွားနေရာများကိုလည်း ပိတ်ထားသည်။

မိုးသက်မုန်တိုင်းများသည် အနီးအနားရှိ တီယန်ကျင်းမြို့တွင်လည်း ကျရောက်ခဲ့ကြောင်း သိရသည်။

စီချွမ်နှင့် ရှန်ဇီး ပြည်နယ်တို့ရှိ မြစ်လက်တက်များအပါအ၀င် မြစ် ၁၄ စင်းတွင် မြစ်ရေကြီးမှုဆိုင်ရာ သတိပေးချက်များကိုလည်း ရာသီဥတု အာဏာပိုင်တို့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly