အိမ်သာကျင်းအနီး မိသားစုလိုက် ခေါင်းဖြတ်သတ်ခံထားရသည့်အလောင်းများ ထပ်မံတွေ့ရှိ 

အိမ်သာကျင်းအနီး မိသားစုလိုက် ခေါင်းဖြတ်သတ်ခံထားရသည့်အလောင်းများ ထပ်မံတွေ့ရှိ 

ဇူလိုင် ၁၂

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆို မြို့၊စံပြ(၆)ကျေးရွာရှိ နေအိမ်တစ်အိမ်၏အိမ်သာကျင်းနားတွင် ဒေသခံပြည်သူမိသားစုလိုက် ခေါင်းဖြတ်သတ်ခံထားရသည့်အလောင်းများထပ်မံတွေ့ရှိကြောင်း တိုးတက်သောကရင်နီပြည်သူအင်အားစု(PKPF)မှ ယနေ့ဇူလိုင်လ ၁၂ ရက်တွင်ထုတ်ပြန်ထားသည်။ 

အဆိုပါကျေးရွာရှိ အိမ်အမှတ် ၃-၂၇ တွင် စစ်ကောင်စီမှတပ်စွဲထားလျှက်ရှိပြီး ယင်းအိမ်ဘေးချင်းကပ်ရပ်အိမ်တွင် အပုပ်နံ့များရရှိသောကြောင့် ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်(ကလလတ)တပ်ဖွဲ့၊ ကယန်းပြည်သစ်ပါတီတပ်ဖွဲ့နှင့် ကယောငြိမ်းချမ်းရေးတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးကြည့်ရာ နေအိမ်အနောက်ဖက်ရှိ အိမ်သာကပ်လျက်ကျင်းတွင် လူသေအလောင်းများကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

 "အဲ့ဒီအလောင်းတွေမှာ မိသားစုလိုက်ဖြစ်နိုင်ခြေရှိပြီး ရက်ရက်စက်စက် ခေါင်းဖြတ်ပြီးသတ်ထားတာတွေကိုတွေ့ရှိရပါတယ်။ အပြစ်မဲ့ပြည်သူအလောင်းတွေကိုတော့ ပြည်သူ့လွတ်မြောက်ရေးတပ်အဖွဲ့အစည်းများမှ မီးသဂြိုလ်ပေးခဲ့ကြပါတယ်"ဟု PKPF ကထုတ်ပြန်ချက်တွင်ရေးသားထားသည်။ 

အဆိုပါအိမ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ၂ လခန့်တပ်စွဲထားရာမှ ပြီးခဲ့သည့် ဇူလိုင်လ (၁၀) ရက်နေ့မှာ တပ်လဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကယား(ကရင်နီ)ပြည်နယ်တွင် သေဆုံးသူဒေသခံ (၈၂) ဦးထိရှိလာပြီဖြစ်ကြောင်း တစ်ပါတည်းထုတ်ပြန်ထားသည်။ 

အဆိုပါ ၈၂ ဦးတွင် ပြည်သူ(၆၉)ဦးဖြစ်၍ PDF တပ်ဖွဲ့၀င် ၁၃ ဦးဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly