တရုတ် သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ လွတ်မြောက်သွားသည့် ဆင်တစ်ကောင်ကို မူလနေရာသို့ ပြန်ပို့

တရုတ် သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ လွတ်မြောက်သွားသည့် ဆင်တစ်ကောင်ကို မူလနေရာသို့ ပြန်ပို့

သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေးတောမှ လွတ်မြောက်သွားပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြို့ကြီးများအနီးထိ လှည့်ပတ်သွားလာခဲ့သည့် ဆင်အုပ်စုအနက်မှ တစ်ကောင်ကို ဖမ်းမိပြီး မူလ နေရာသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

ယမန်နှစ်အတွင်း ယူနန်ပြည်နယ်ရှိ ထိန်းသိမ်းစောင့်ရှောက်ရေးတောမှ အဆိုပါဆင်များ လွတ်မြောက်သွားပြီး နိုင်ငံမြောက်ပိုင်း ကီလိုမီတာ ၅၀၀ အထိ ဆင်များ ရောက်ရှိသွားခြင်း အပေါ် တစ်နို်ငငံလုံး စိတ်ဝင်စားခဲ့ကြသည်။ အဆိုပါ ဆင်များသည် ကူမင်းမြို့ကြီး အစွန်အဖျားပိုင်းအထိ ရောက်ရှိခဲ့ပြီးနောက် တောင်ဖက်သို့ ဆက်သွားခဲ့ကြ သောကြောင့် ၎င်းတို့၏ တောမှ အလှမ်းဝေးသည့် အရပ်တွင် ရှိနေသေးသည်။

ယခု ပြန်လည်ဖမ်းမိသည့် ဆင်သည် လွန်ခဲ့သည့် ၁ လကျော်ကပင် အုပ်စုမှ ကွဲသွားခဲ့ပြီး ဇူလိုင် ၇ ရက်က ယူကျိ မြို့တော်အနီးတွင် ပြန်လည်ဖမ်းမိခဲ့ပြီးနောက် ကီလိုမီတာ ၂၈၀ (မိုင် ၁၇၀) အကွာရှိ ကျီရွှမ်ဘန်နာ အမျိုးသားသဘာဝထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ပြန်လည်ပေးပို့လိုက်ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

၁၀ နှစ်သားအရွယ်ရှိပြီး ၁ ဒသမ ၈ တန် အလေးချိန်ရှိသည့် အဆိုပါဆင်သည် လူဦးရေ ထူထပ်သည့် နေရာအနီးတွင် ဇူလိုင် ၅ ရက်မှ စတင်ရောက်ရှိနေထိုင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူများဘေးကင်းစေရန် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

ဆင်ကိုမေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး လှောင်အိမ်တွင် ထည့်ကာ ထရပ်ကားဖြင့် ပြန်ပို့ခဲ့ခြင်း ဖြစ်သည်ဟု China Daily သတင်းတွင် ဖော်ပြထားသည်။ ဆင်သည် ကျန်းမာ၍ ထိခိုက်ဒဏ်ရ မရကြောင်းလည်း ယူနန်အစိုးရ၏ လူမှုမီဒီယာတွင် ဖော်ပြထားသည်။

ထိန်းသိမ်းရေး တောမှ လွတ်မြောက်သွားသည့် ဆင် ၁၆ ကောင်အနက် ၂ ကောင်သည် အလိုအလျောက် ပြန်လာခဲ့ပြီး လှည့်လည်သွားစဉ် ဆင်ငယ်လေးတစ်ကောင်ကိုလည်း မွေးဖွားခဲ့သည်။

လွတ်မြောက်နေဆဲ ဖြစ်သည့် ဆင်မ ၆ ကောင်၊ အထီး ၃ ကောင်၊ အရွယ်ရောက်ဆင် ၂ ကောင်နှင့် အကောင်ပေါက် ၃ ကောင်တို့သည် ကျန်းမာရေးကောင်းမွန်ပုံရကြောင်း အာဏာပိုင်များက ပြောကြားထားသည်။

လူအင်အား ၂၀၀ ကျော်က ဒရုန်းအစင်း ၂၀နှင့် မော်တော်ယာဉ်များကို အသုံးပြုကာ ဆင်များ သွားသည့်နေရာကို ခြေရာခံ စောင့်ကြည့်လျှက်ရှိသည်။ ဆင်များ ဖြတ်သွားနိုင်စေရန် လမ်းများကို အာဏာပိုင်များက ပိတ်ပေးသလို ရွာများအတွင်း ဖြတ်သွားပါကလည်း ပြည်သူများအနေဖြင့် အိမ်တွင်းမှ မထွက်ရန် တားမြစ်ထားသည်။ လူဦးရေ ထူထပ်သည့် နေရာသို့ မရောက်စေရန် စွဲဆောင်ရာတွင် အစာတန်ချိန်များစွာကို အသုံးပြုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required