ကနီနယ်၊ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ သောင်းကျန်းနေ

ကနီနယ်၊ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ သောင်းကျန်းနေ

ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ကျေးရွာများ တွင် စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်ကာ တိမ်းရှောင်နေရသူ ဒေသခံများ၏ ပစ္စည်းများအားမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက်နေ့ညနေ ၄နာရီဝန်းကျင်အချိန်၊ ခြေလျှင်စစ်သားများ နယ်မြေရှင်းလင်းရေးအကြောင်းပြချက်ဖြင့် ယင်းကျေးရွာ၊ ကုန်းသာကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို ဝင်ရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တောထဲတိမ်းရှောင်နေရသူ အမျိုးသားတစ်ဦးမှ မဇ္စျိမကိုပြောသည်။ 

“သူတို့က အင်အားများတယ်ဗျ၊ အဲ့တာကိုလူစုတွေခွဲပြီး ရွာတွေကိုဝင်မွှေကြတာပေါ့ဗျာ၊ ခြေလျှင်လာကြတာဆိုတော့ အဖိုးတန်တွေပဲရှာတာ၊ သူတို့သယ်နိုင်တာမျိုးတွေပေါ့၊ ဆိုင်ကယ်တွေတော့ ပုံတွေထဲကအတိုင်းပဲဗျာမီးတင်ရှို့သွားကြတယ်၊ ကျွန်တော့ဆိုင်ကယ်လဲပါတယ်၊ အကုန်လုံးဆို အစီး ၂၀ တော့ကျော်တယ်ဗျ၊ အခြားရွာဘက်တွေလဲ အရှို့ခံရတယ်လို့ကြားတယ်၊ သေခြာတော့မသိဘူး” ဟု သူကဆိုသည်။ 

ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့တွင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် လမ်းပြဒလန်တစ်ဦးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်များ တိမ်းရှောင်ရာနေရာသို့ အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း လွတ်မြောက်လာသူ တစ်ဦးကဆိုသည်။ 

“တိုက်ပွဲဖြစ်ပြီးအဖမ်းခံရတာမျိုးမဟုတ်ဘူးဗျ၊ ဒလန်တစ်ဦးဦးက လမ်းပြပြီး လက်ဦးမှုရယူပြီး ဝိုင်းပြီးပစ်ဖမ်းကြတာ၊ ကျွန်တော့အထင် ၁၀ ယောက်လောက်တော့ မိသွားမယ်ထင်တယ်၊ အသက်လုပြေးကြရတာဆိုတော့ အရေအတွက်တော့ အတည်မပြုနိုင်ဘူး” ဟုဆိုသည်။ 

စစ်ကောင်စီတပ်သားများသည် အဆိုပါကျေးရွာအနီးဝန်းကျင်တောထဲတွင် ပုန်းရှောင်နေရသူ ဒေသခံများအား အရပ်သား၊ ပြည်သူ့ကာကွယ်ရေးတပ် ခွဲခြားမှုမပြုဘဲ မည်းမည်းမြင်ရာ ပစ်ခတ်နေကြောင်း ဒေသခံကဆိုသည်။ 

“ခုကဗျာ၊ သူတို့နဲ့တိုက်ပွဲဖြစ်လို့ သူပစ်ကိုယ်ပစ်ဆိုတာထက် မိန်းမ၊ကလေး၊ သက်ကြီးရွယ်အို ဘာမှမခွဲဘူး၊ အကုန်ပစ်တာဗျာ၊ ပထမတော့ အတွဲလိုက်ပစ်တာ၊ နောက်အာပီဂျီနဲ့လဲပစ်တယ်၊ အတော်ဒုက္ခပေးကြတယ်ဗျာ၊ ကျွန်တော်မြင်လိုက်တာတစ်ယောက်ဆိုရင် ညာဘက်ဒူးနားမှာ တစ်ချက်မှန်တယ်၊ အခြားဒဏ်ရာရသူတွေလဲအများကြီးရှိနိုင်တယ်” ဟု ထွက်ပြေးနေရသည့်ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်များဖြင့် ပြောပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly