အိန္ဒိယတွင် စီးပွားရေး လုပ်ငန်းသစ်များ၏ ရင်းနှီးမြှုပ်နှံမှု ဇွန်လအထိ ဒေါ်လာ ၁၂ ဘီလီယံရရှိထား

By economictimes.indiatimes.com
10 July 2021
အိန္ဒိယတွင် စီးပွားရေး လုပ်ငန်းသစ်များ၏ ရင်းနှီးမြှုပ်နှံမှု ဇွန်လအထိ ဒေါ်လာ ၁၂ ဘီလီယံရရှိထား

အိန္ဒိယ စီးပွားရေး လုပ်ငန်းသစ်များသည် ၂၀၂၁ခုနှစ် ပထမ ၆လအတွင်း ရင်းနှီးမြှုပ်နှံသူနှင့် ပုဂ္ဂလိကရှယ်ယာကုမ္ပဏီများထံမှ ဒေါ်လာ ၁၂ ဒသမ ၁ ဘီလီယံ ရရှိခဲ့ကာ၂၀၂၀ပြည့်နှစ်၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ ၁ ဘီလီယံ သာလွန်ခဲ့သည်ဟု Venture Intelligence မှ ပြုစုသောအချက်အလက်များတွင် ဖော်ပြထားသည်။

တန်ဖိုးအမြင့်များဖြင့် ရင်းနှီးမြှုပ်နှံငွေများ ဆက်လက် စီးဝင်နေခြင်းကြောင့် ဒေါ်လာ ၁ ဘီလီယံနှင့် အထက် တန်ဖိုးရှိသည့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများအဖွဲ့ ဖြစ်သည့် Unicorn clubသို့ စီးပွားရေး လုပ်ငန်းသစ်အမြောက်အများ စာရင်းဝင်သွားခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားပြီးနောက် စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်နည်းပညာကို ပိုမိုအသုံးပြုလာခြင်းကြောင့် ငွေကြေးများကို လုပ်ငန်းသစ်များတွင် ရင်းနှီးမြှုပ်နှံရန် လိုလားလာကြကြောင်း စွန့်စားမြှုပ်နှံသူများ၊ စွန့်ဦးတီထွင်သူများနှင့် စက်မှုလုပ်ငန်းရှင်များက ဆိုသည်။

လွန်ခဲ့သောခြောက်လအတွင်း ဒေါ်လာသန်း ၁၀ဝ ကျော်သည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် နောက်ဆုံးအဆင့် အောင်မြင်မှု ရရှိရန် နီးစပ်လာသည့် လုပ်ငန်းသစ်များအနေဖြင့် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သဖြင့် လူသိများသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ခဲ့ကြောင်း အချက်အလက်များက ဖော်ပြနေသည်။

ဇန်နဝါရီ - ဇွန်လအတွင်း စံချိန်တင်ရင်းနှီးမြှုပ်နှံမှုများမှာ ပညာရေးနှင့် နည်းပညာလုပ်ငန်းစုကုမ္ပဏီများတွင် ထင်ရှားသည့် Byju's မှ ဒေါ်လာ ၁ ဘီလီယံ၊ အစားအစာဖြန့်ဝေသည့် လုပ်ငန်းဖြစ်သော Swiggyတွင် ဒေါ်လာသန်း ၈၀ဝ နှင့် Zomatoတွင် ဒေါ်လာ ၅၇၆ သန်း၊ ဒေသတွင်းဘာသာစကား လူမှုရေးမီဒီယာအက်ပလီကေးရှင်း ShareChatတွင် ဒေါ်လာ ၅၀၂ သန်း နှင့် စိတ်ကူးဂိမ်းကုမ္ပဏီ Dream11 တွင် ဒေါ်လာသန်း ၄၀ဝ တို့ဖြစ်ကြသည်။

၂၀၂၁ခုနှစ် ပထမနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှု ၃၁ ခုရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၏ ဒုတိယ နှစ်ဝက်တွင် ၁၉ ခု သာရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်တွင် ဒေါ်လာသန်း ၁၀ဝ ကျော်သည့် ရင်းနှီးမြှုပ်နှံမှု ၉ ခု ရှိခဲ့သည်။

“အိန္ဒိယ၏ စားသုံးသူဆိုင်ရာ နည်းပညာနယ်ပယ်မှ အောင်မြင် ထင်ရှားသည့် လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ် ဝင်စားမှုမှာ အစဉ်တစိုက်အားကောင်းနေသော်လည်း၊ ဒေါ်လာ သန်း ၁၀ဝ ကျော် ရင်းနှီးမြှုပ်နှံမှုရသည့် အိန္ဒိယဆော့ဖ်ဝဲလ်လုပ်ငန်းများစွာလည်း ပေါ်ထွက်လာနေသည်ဟု Eight Roads Ventures နည်းပညာရင်းနှီးမြှုပ်နှံမှု၏ ပူးတွဲရင်းနှီးမြှုပ်နှံသူနှင့် အကြီးအကဲဖြစ်သူ ရွှေတာ ဘာတီအာက ပြောကြားခဲ့သည်။

ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၆ လတာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၂ ဒသမ ၁ ဘီလီယံတန်ဖိုးရှိပြီး ရင်းနှီးမြှုပ်နှံမှုပေါင်း ၃၈၂ ခုရှိခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများကို နှိုင်းယှဉ်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက် အထိ ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုပေါင်း ၇၆၄ ခုနှင့် အနီးစပ်ဆုံးဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၁၃ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုပေါင်း ၈၇၃ ခုရှိခဲ့ကာ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုပေါင်း ၇၄၇ ခုရှိခဲ့ကြောင်း ကိန်းဂဏန်းများက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required