ဆယ်နှစ်အတွင်း နောက်ထပ် ရောဂါကပ်ဘေးတစ်ရပ် ပေါ်ပေါက်လာနိုင်လို့ ဂျီ - ၂၀ ပညာရှင်တွေ ပြော 

ဆယ်နှစ်အတွင်း နောက်ထပ် ရောဂါကပ်ဘေးတစ်ရပ် ပေါ်ပေါက်လာနိုင်လို့ ဂျီ - ၂၀ ပညာရှင်တွေ ပြော 
Photo - AFP

ဇူလိုင် ၁၀ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး တစ်ကျော့ပြန်လာမှာကို ရှောင်ရှားနိုင်ဖို့အတွက် ကမ္ဘာကြီးအနေနဲ့ ပိုမို ရင်းနှီးမြုပ်နှံ စိုက်ထုတ်မှ ဖြစ်မယ်လို့ ဂျီ - ၂၀ အဖွဲ့က ဖိတ်ကြားလို့ တက်ရောက်လာကြတဲ့ ပညာရှင်တွေက သောကြာနေ့မှာ ပြောပြီး ဆယ်နှစ်အတွင်းမှာ ကျန်းမာရေးကပ်ဘေး နောက်တစ်ခု ဖြစ်ပွားလာနိုင်တယ်လို့ သတိပေးကြပါတယ်။ 

“လာမယ့် ကပ်ဘေးကို တားဆီးဖို့ ဒါမှမဟုတ် ရပ်တန့်နိုင်ဖို့ ပြင်ဆင်အသင့်ရှိနေတာနဲ့ ကမ္ဘာက အလှမ်းဝေးလွန်းနေတယ်”လို့ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ကျင်းပတဲ့ ဂျီ - ၂၀ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးဆီ အဆင့်မြင့် လွတ်လပ်သော ပညာရှင်အဖွဲ့က အစီရင်ခံစာ တင်ပြခဲ့ပါတယ်။ 

“ကိုဗစ်-၁၉ သည်းထန်နေတဲ့ကြားကပဲ နောက်ထပ်ကပ်ဘေးဟာ ဆယ်နှစ်အတွင်းမှာ ဖြစ်ပွားလာဦးဖို့က ဖြစ်တန်ခြေများ ရှိနေတယ်၊ တုပ်ကွေးသစ်တစ်မျိုး၊ အခြားသော ကိုရိုနာဗိုင်းရပ်စ်နောက်တစ်မျိုနဲ့ အန္တရာယ်ရှိတဲ့ ရောဂါဖြစ်စေတဲ့ ပိုးတစ်မျိုးမျိုး ထွက်ပေါ်လာပြီး နောက်ထပ် ကပ်ဘေး ဖြစ်လာနိုင်တယ်”လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

“လူသားတွေရဲ့ ကျန်းမာရေးနဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မယ့် အဲဒီ ကပ်ဘေးဟာ ကိုဗစ်-၁၉ ထက်တောင် ပိုပြီး ပြင်းထန်ဆိုးဝါးနိုင်တယ်”လို့ အစီရင်ခံစာက ဆိုပါတယ်။ 

အစိုးရတွေအနေနဲ့ လာမယ့် ငါးနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ အနည်းဆုံး ၇၅ ဘီလီယံ စုပေါင်းကောက်ယူ ရန်ပုံငွေ မတည်ထားပြီး တားဆီးရေးနဲ့ ကာကွယ်ရေးအတွက် ပြင်ဆင်ထားဖို့ အစီရင်ခံစာမှာ မှတ်ချက်ပြုထားပါတယ်။ 

အဲဒီလို ကြိုတင်အရင်းစိုက်ထုတ်ထားခြင်းနဲ့ ကူးစက်ရောဂါတွေအတွက် ပူးပေါင်းထောက်လှမ်းရေးနဲ့ သုတေသနကွန်ရက်အတွက် ရန်ပုံငွေ မတည်နိုင်မှာ ဖြစ်သလို ကျန်းမာရေးစနစ်တွေလည်း ပိုပြီး ခိုင်ခံ့အားကောင်းစေမှာ ဖြစ်ပါတယ်။ ကြုံလာရနိုင်တဲ့ အဲဒီ ကျန်းမာရေးအကျပ်အတည်းကို အစိုးရတွေအနေနဲ့ ကောင်းစွာ စီမံသွားနိုင်ပြီး ကာကွယ်ဆေး ထုတ်လုပ်ရေးမှာ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်နိုင်စွမ်း တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ 

“လာမယ့် ကပ်ဘေးကို ပြင်ဆင်ဖို့ အခု ကပ်ဘေးကနေ မှန်ကန်တဲ့ သင်ခန်းစာတွေကို ကျွန်မတို့ သင်ယူရလိမ့်မယ်”လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နက်ဂိုဇီအိုကွန်ဂျိုအီဝီယာလာက ပြောပါတယ်။ 

ဒါပေမဲ့ ကိုဗစ်-၁၉ က ဖြစ်ပွားနေဆဲမို့ ဂျီ - ၂၀ ဝန်ကြီးတွေအနေနဲ့ ကာကွယ်ဆေးတွေ ပိုမိုလှူဒါန်းကြပြီး ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးမှာ ကူညီထောက်ပံ့ပေးဖို့ သူက ပြောဆိုတိုက်တွန်းခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly