ပေါင်းတလည်မြို့မှာ မီတာခ အတင်းအကျပ်ကောက်ခံနေ

ပေါင်းတလည်မြို့မှာ မီတာခ အတင်းအကျပ်ကောက်ခံနေ

ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် ၁၂ မိုင်ခန့်အကွာ ပေါင်းတလည်မြို့တွင် စစ်ကောင်စီလက်အောက်ခံ မီတာရုံးမှ ဝန်ထမ်းများ မီတာခ အတင်းအကျပ်ကောက်ခံနေကြောင်းသိရသည်။ 

ဒီကနေ့ ဇူလိုင်လ ၉ ရက် မနက်ခင်းမှ စတင်ကာ လျှပ်စစ်ရုံးဝန်းထမ်း ၉ ဦးဖြင့် ပေါင်းတလည်မြို့ ရပ်ကွက်များအတွင်းသို့ တစ်အိမ်တက်ဆင်း မီတာခကောက်ခံနေခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက မဇ္စျိမကိုပြောသည်။ 

“ပထမတစ်ကြိမ်တုန်းက စာထုတ်ပေးထားတာရှိတယ်၊ ဘယ်နေ့နောက်ဆုံးဆောင်ရမယ်ဆိုပြီး၊ ဒီနေ့တော့ ဝန်ထမ်းတွေအကုန်လုံးပဲထင်ပါတယ် လာပြီး ဒီနေ့ပေးလိုက်ရမယ်၊ အနည်းဆုံးနှစ်လစာတော့မဖြစ်မနေပေးရမယ်ပြောတယ်၊ မပေးတဲ့အိမ်မီးဖျက်မယ်တဲ့၊ အခုချက်ချင်းဆောင်ဖို့ပြောတယ်၊ ဖြတ်ပိုင်းတောင်းတော့လဲမရဘူး” ဟု ဒေသခံဖြစ်သူက သူကြုံတွေ့ရသည်ကို ပြောသည်။ 

လက်ရှိချိန်တွင် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်ရာတွင် အခွန်မဆောင်ဘဲ အာဏာဖီဆန်ရေး လှုပ်ရှားမှုပြုလုပ်နေခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရNUG၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်းကြီးဌာနကလည်း ပြည်သူများကို မီတာခ ပေးဆောင်ရန် မလိုကြောင်း ကြေညာထားသည်။ 

မီတာခကောက်ခံသူများကို နိုင်ငံတော် ပုန်ကန်မှုမြောက်ပြီး အမည်ပျက်စာရင်းသွင်းမည်ဟု လည်းထုတ်ပြန်ထားသည်။ 

မီတာခမဆောင်ရင် နောက်ပိုင်းတွင် စစ်သားများဖြင့် လာရောက်ကောက်ခံမည်ဆိုသည့် သတင်းများကြောင့် အချို့မှာ ငွေချေးပြီး ပေးနေရကြောင်း မြို့ခံကဆိုသည်။ 

“အချို့အိမ်တွေကတော့ အဲ့လိုမျိုးစစ်သားတွေနဲ့လာကောက်မယ်ဆိုတာမျိုးတွေကြားရတော့ ၊အဖမ်းခံရမှာကြောက်လို့မရှိ ရှိတာလေးတွေပေါင်နှံရောင်းချပြီးပေးရတာရှိတယ်၊ ငွေချေးပေးရတာမျိုးလဲရှိတယ်၊ ညီမတို့ဆိုရင်လဲ အာဏာသိမ်းတဲ့လကတည်းက သပိတ်မှောက်ပြီး မီတာမဆောင်တာဆိုတော့ ခုငါးလဆို သိန်းဂဏန်းလောက်ရှိတယ်၊ အားလုံးညီရင်တော့ ဒီတိုင်းမဆောင်ပဲနေချင်တယ်၊ စစ်ကောင်စီကို ပိုက်ဆံမပေးနိုင်ဘူး” ဟု ဒေသခံက ဆိုသည်။ 

ရန်ကုန်မြို့ပေါ်တွင် ယခုသတင်းတစ်ပတ်အတွင်း မီတာခကောက်ခံသည့် လျှပ်ရုံးများအတွင်း ပေါက်ကွဲမှုများ ခပ်စိတ်စိတ်ဖြစ်ပေါ်လျှက်ရှိသည်။ 

ဒီကနေ့ ဇူလိုင်လ ၉ရက် မနက် ၁၁ နာရီအထိ သတင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဒုံမြို့နယ်လျှပ်စစ်မီတာရုံး၊ လမ်းမတော်မြို့နယ် ကမ်းနားလမ်းက လျှပ်စစ်မီတာရုံး၊ စမ်းချောင်းမြို့နယ်က လျှပ်စစ်မီတာရုံး စတဲ့နေရာသုံးနေရာလောက်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့သည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်ကလည်း တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်မီတာရုံးတွေမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မြို့ပြပြောက်ကျားတပ်ဦးက နောက်ဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly