တရုတ်စစ်လေယာဥ် ၁ စင်း ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်ထဲ ယခုလအတွင်း ဒုတိယအကြိမ်မြောက် ဝင်ရောက်ခဲ့

တရုတ်စစ်လေယာဥ် ၁ စင်း ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်ထဲ ယခုလအတွင်း ဒုတိယအကြိမ်မြောက် ဝင်ရောက်ခဲ့

တရုတ်စစ်လေယာဥ်တစင်းသည် ထိုင်၀မ်၏ လေကြောင်းကာကွယ်ရေးစစ်ဆေးမှုဇုန် (ADIZ) အတွင်း ယခုလထဲ ဒုတိယအကြိမ်မြောက်အဖြစ် ကျူးကျော်၀င်‌ရောက်ခဲ့ပြီး ယင်းသည် ထိုင်၀မ်ရေလက်ကြား၌ တင်းမာမှုများ မြင့်တက်နေစဥ် ပေကျင်း၏ နောက်ထပ် ကျူးကျော်၀င်ရောက်မှုတစ်ခုလည်း ဖြစ်သည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ လေတပ် (PLAAF) မှ Shaanxi Y-8 ရေငုပ်သင်္ဘောဖျက် စစ်လေယာဥ်တစ်စင်းသည် ထိုင်၀မ်၏ ADIZ ဇုန်၏ အနောက်တောင်ဘက်ထောင့်သို့ ၀င်‌ရောက်ခဲ့သည်ဟု အမျိုးသားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း Taiwan News က ဇူလိုင် ၃ ရက်က ဖော်ပြသည်။ ယင်းကို တုံ့ပြန်သောအားဖြင့် ထိုင်၀မ်ဘက်ကလည်း စစ်လေယာဥ်တစင်း စေလွှတ်ခဲ့ပြီး ရေဒီယိုသတိပေးချက်များ ထုတ်ခဲ့ကာ PLAAF ကို လမ်းကြောင်းထောက်လှမ်းရန် လေကြောင်း ကာကွယ်ရေးဒုံးစနစ်များ ဖြန့်ကျက်ခဲ့သည်။

တရုတ်ပြည်မကြီး၏ အရှေ့တောင် ကမ်းရိုးတန်း ပြင်ပတွင် တည်ရှိပြီး လူဦးရေ ၂၄ သန်းနီးပါး နေထိုင်ကာ ဒီမိုကရေစီစနစ်ဖြင့် လည်ပတ်နေသည့် ထိုင်၀မ်ကို အပြည့်အ၀ အချုပ်အချာအာဏာပိုင်ဆိုင်ကြောင်း ပေကျင်းက ပြောထားသည်။ သို့သော် နှစ်ဘက်စလုံးသည် ဆယ်စုနှစ် ခုနစ်စုကျော်ကြာ သီးခြားစီ အုပ်ချုပ်နေခဲ့သည်။ ထိုင်၀မ်၏ လေကြောင်းကာကွယ်ရေး စစ်ဆေးမှုဇုန်အတွင်း တရုတ်လေယာဥ်များကို ထောက်လှမ်းတွေ့ရှိခဲ့သည်မှာ ယခုလထဲလက်ရှိအချိန်ထိဆိုလျင် ဇူလိုင် ၂ ရက်နှင့် ဇူလိုင် ၃ ရက်တို့တွင် တွေ့ရှိထားခဲ့ပြီး အဆိုပါ ဖြစ်စဥ်အားလုံးတွင် ခပ်နှေးနှေးပျံသန်းသည့် ပန်ကာတပ်တာဗိုဂျက်ဖြင့် မောင်းနှင်သည့် လေယာဥ်များ ပါ၀င်ပတ်သက်ထားခဲ့သည်။

ADIZ သည် နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းပိုင်နက်တစ်ခုကို ကျော်လွန်ပြီး ဆန့်ထုတ်သတ်မှတ်ထားသည့် ဧရိယာတစ်ခုဖြစ်ပြီး ယင်းဧရိယာအတွင်း ၀င်လာသည့် လေယာဥ်ကို မည်သည့် လေယာဥ်ဖြစ်ကြောင်း လေကြောင်းထိန်းများက မေးမြန်းသည့် ဧရိယာလည်းဖြစ်သည်။ Gray zone tactics နည်းဗျူဟာများသည် တိုက်ရိုက်ကျပြီး

အတော်အတန်ကြီးမားသည့် အင်အားအသုံးပြုခြင်းမရှိဘဲ နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေး ရည်ရွယ်ချက်များကို ပြည့်မြောက်အောင်မြင်စေရန် ကြိုးပမ်း‌သည့် အပြောင်းအလဲမရှိသော ဟန့်တားမှုနှင့် အာမခံမှုကို ကျော်လွန်သည့် အားထုတ်မှုတစ်ရပ် သို့မဟုတ် အားထုတ်မှုများအဖြစ် အဓိပ္ပါယ်ဖွင့်သည်ဟု Taiwan News က ဖော်ပြသည်။

ထိုင်၀မ် လေကြောင်းကာကွယ်‌ရေးစစ်ဆေးမှုဇုန်ထဲ တရုတ်လေယာဥ်များကို ထောက်လှမ်းတွေ့ရှိမှုမှာ ဇွန်လအတွင်း ၁၀ ကြိမ်၊ မေလတွင် ၁၈ ကြိမ် ၊ ဧပြီလတွင် ၂၂ ကြိမ်၊ မတ်လတွင် ၁၈ ကြိမ် ၊ ဖေဖေါ်၀ါရီလတွင် ၁၇ ကြိမ် နှင့် ဇန်န၀ါရီလတွင် ၂၇ ကြိမ်တို့ ဖြစ်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေး၀န်ကြီးဌာန၏ ဒေတာအချက်အလက်များကို ကိုးကားလျက် Taiwan News က ဖော်ပြသည်။

ယမန်နှစ်က ယင်းတရုတ်လေယာဥ်များကို ဒီဇင်ဘာလတွင် ၁၉ ကြိမ် ၊ နို၀င်ဘာလတွင် ၂၂ ကြိမ် နှင့် အောက်တိုဘာလတွင် ၂၂ ကြိမ် တွေ့ရှိထားခဲ့သည်။ တရုတ်လေတပ်ဘက်မှ ထိုင်၀မ်ထိန်းချုပ်သော ပရာတာစ်ကျွန်းစုအနီး ထိုင်၀မ်လေကြောင်း ကာကွယ်ရေးဇုန်၏ အနောက်တောင်ဘက်အပိုင်းကို အထူးအာရုံစိုက်ပြီး ကျွန်းအနီး ထပ်တလဲလဲ ကျူးကျော်၀င်ရောက်ထားသည့် မစ်ရှင်များနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်လများအတွင်း ထိုင်၀မ်က စောဒကတက်ထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required