ဟေတီသမ္မတ လုပ်ကြံခံရမှုမှာ ကြေးစား ၄ ဦးကို ပစ်သတ်ပြီး ၂ ဦးကို လက်ရဖမ်းမိ

ဟေတီသမ္မတ လုပ်ကြံခံရမှုမှာ ကြေးစား ၄ ဦးကို ပစ်သတ်ပြီး ၂ ဦးကို လက်ရဖမ်းမိ
Photo - AFP

ဇူလိုင် ၈

ဟေတီသမ္မတ ယိုဗနယ်မွိုက်စ်ကို ဗုဒ္ဓဟူးနေ့က လုပ်ကြံသတ်ဖြတ်ခဲ့မှု နောက်ကွယ်က ကြေးစား လေးဦးကို ရဲက ပစ်သတ်ခဲ့ပြီး နှစ်ဦးကို လက်ရဖမ်းဆီးမိတယ်လို့ သိရပါတယ်။ 

ဆင်းရဲပြီး အကျပ်အတည်းဆိုက်နေတဲ့ ကရေဘီယံဒေသနိုင်ငံ ဟေတီမှာ အနာဂတ် မရေမရာ ဖြစ်နေချိန် သမ္မတဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရတာပဲ ဖြစ်ပါတယ်။ 

သံသယရှိသူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာရယ်၊ ဘာကြောင့် လုပ်ကြံရသလဲဆိုတာရယ်ကို ရဲက ပြောဆိုခြင်း မရှိပါ။ မြို့တော် ပို့အောပရင့်စ်က သမ္မတရဲ့ ကိုယ်ပိုင်နေအိမ်မှာ ဖြစ်ပွားသွားတဲ့ အဲဒီ လုပ်ကြံမှုမှာ သမ္မတကတော် မာတင်ကတော့ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဟေတီအရေး အရေးပေါ်အစည်းအဝေးကို ကြာသပတေးနေ့ နေ့လယ်မှာ ကျင်းပဖို့ တက်သုတ်ရိုက်ပြင်ဆင်နေချိန်မှာပဲ ကြားဖြတ်ဝန်ကြီးချုပ် ကလို့ဒ်ဂျိုးဆက်က နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာပြီး လက်ရှိမှာ သူဟာ နိုင်ငံရဲ့ အကြီးအကဲအဖြစ် တာဝန်ယူထားပြီလို့ ပြောပါတယ်။ 

လုပ်ကြံမှု ဖြစ်ပွားပြီးကတည်းက ပို့အောပရင့်စ်မြို့တော်ကို ပိုက်စိပ်တိုက် ရှာဖွေရှင်းလင်းနေတယ်လို့ ရဲက ပြောပါတယ်။ 

“ကြေးစားလေးဦးကို သတ်ဖြတ်ခဲ့ရပြီး နှစ်ဦးကိုတော့ ဖမ်းဆီးချုပ်နှောင်ထားပြီ ဖြစ်တယ်၊ ဓားစာခံပြန်ပေးဆွဲခံသွားရတဲ့ ရဲသုံးဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်”လို့ ဟေတီအမျိုးသားရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် လီယွန်ချားလ်က ပြောပါတယ်။ 

လုပ်ကြံတိုက်ခိုက်မှုဟာ သမ္မတ ယိုဗနယ်မွိုက်စ်ရဲ့ နေအိမ်မှာ နံနက် ၁ နာရီဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အပြင်ဖက်လမ်းပေါ်မှာ ကျည်ဆံခွံတွေကို မြင်တွေ့ရပါတယ်။ အနီးက ကားတစ်စီးလည်း ကျည်ပေါက်တွေ ဗလပွထိမှန်ထားပြီး ပြတင်ပေါက်တစ်ချပ်လည်း ကွဲနေတာကို မြင်ရပါတယ်။ 

သမ္မတရဲ့ ဇနီးဖြစ်သူကို ပထမမှာ ဒေသဆေးရုံတစ်ရုံဆီ တင်ထားပြီးနောက်မှာ မီယာမီက Ryder Truma Center ဆေးရုံဆီ အရေးပေါ်လေယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။ သမ္မတကတော်ဟာ အသက်ဘေးက လွတ်မြောက်ပါပြီလို့ ဝန်ကြီးချုပ် ဂျိုးဆက်က ပြောပြီး နောက်ပိုင်းမှာ သမ္မတကတော် အခြေအနေ ကောင်းလာပြီလို့ ထပ်လောင်းဆိုပါတယ်။ 

သမ္မတကို နေအိမ်မှာ တိုက်ခိုက်လုပ်ကြံသူတွေဟာ အင်္ဂလိပ်နဲ့ စပိန်စကားပြောတဲ့ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

“ဒီ လုပ်ကြံသတ်ဖြတ်မှုကို သင်ပုန်းချေလို့ ရမှာ မဟုတ်ဘူး”လို့ နိုင်ငံကို ပြောတဲ့မိန့်ခွန်းတစ်ရပ်မှာ ဝန်ကြီးချုပ် ဂျိုးဆက်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly