နိုင်ငံတိုးတက်ရေးတွင် တရုတ်ကို အတုယူရန် ပါကစ္စတန် ဝန်ကြီးချုပ် မျှော်လင့်

နိုင်ငံတိုးတက်ရေးတွင် တရုတ်ကို အတုယူရန် ပါကစ္စတန် ဝန်ကြီးချုပ် မျှော်လင့်

ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် တရုတ်၏ ထူးခြားသော အောင်မြင်မှုများကို ပါကစ္စတန်နိုင်ငံက အတုယူရန် မျှော်လင့်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခန်းက ဇူလိုင်လ ၆ရက်က ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးအစည်းအဝေးသို့ အွန်လိုင်းမှ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်က ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်သူ့ဗဟိုပြုချဉ်းကပ်မှု သည် CPC ၏ အံ့ သြဖွယ်အောင်မြင်မှု၏ ဗဟိုချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သူဥက္ကဌကြီး မော်စီတုန်းနှင့် နောက်ပိုင်းဥက္ကဌဖြစ်လာသူ တိန့်ရှောင်ဖိန်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တရုတ်အမျိုးသားဂုဏ်သိက္ခာ၊ ဂုဏ်ယူဝင့်ကြွားမှု၊ ကိုယ့်ကိုယ်ကိုယ်လေးစားမှုနှင့် ကမ္ဘာတွင် တရုတ်၏ နေရာမှန် ပြန်လည်ရရှိရေး ပြုလုပ်ခဲ့သည်များကို သူကပြောကြားခဲ့သည်။

"CPC ရဲ့ စိတ်ဓာတ်က ဆယ်စုနှစ်များစွာအတွင်း တရုတ်နယ်နိမိတ်ကို ကျော်လွန်ပြီး အားသစ်လောင်းမှုနဲ့ မျှော်လင့်ချက်အသစ်တွေကို သွတ်သွင်းပေးခဲ့ပါတယ်။ ဒါက ကိုလိုနီနိုင်ငံတွေက လူတွေကို လှုံ့ဆော်ပြီး ကိုလိုနီစနစ်အဆုံးသတ်ရေးအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်" ဟု သူက ပြောသည်။

CPC သည်ပြည်သူလူထုကို အကျိုးပြုရန်နှင့် ပြည်သူများ၏ ကောင်းကျိုးနှင့် အကျိုးစီးပွားများကို ဦးစားပေးဆောင်ရွက်ရန် ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် အီမာရန်ခန်က ပြောကြားသည်။

CPC ၏ အောင်မြင်မှုများသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများကို အတွေးအမြင်သစ်များကိုဖွင့်ပေးခဲ့ကြောင်း သူက ဆိုသည်။

ပါတီက နိုင်ငံရေးအာဏာကိုရရှိခြင်းသည် လူများ၏ ဘဝကို ပြုပြင်ပြောင်းလဲစေရန်နှင့် ကိုယ့်ကံကြမ္မာ၏ အရှင်သခင်ဖြစ်နိုင်ရေးအတွက် အဓိက ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်းကို သက်သေပြခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

"တကယ်လို့ နိုင်ငံရေးပါတီတွေက ပြည်သူတွေကို ကိုယ်ကျိုးမဖက်ဘဲဆက်ပြီး ကြိုးပမ်းဆောင်ရွက်ပေးမယ်ဆိုရင် ပြည်သူတွေရဲ့ထောက်ခံမှုနဲ့ တရားဝင်မှုကို ရရှိနိုင်မှာပါ" ဟု သူက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly