ရေဦးမြို့ပစ်ခတ်မှုတွင် ရဲ ၁ ဦးသေ ၂ ဦးဒဏ်ရာရ

ရေဦးမြို့ပစ်ခတ်မှုတွင် ရဲ ၁ ဦးသေ ၂ ဦးဒဏ်ရာရ

ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ အဝင်၊ မကျီးတောရပ်ကွက် လမ်းထိပ်တွင် ကင်းလှည့်သည့်ရဲကား တိုက်ခိုက်ခံရပြီး ရဲတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ 

ဇူလိုင်လ ၇ ရက်၊ ည ၁၀ နာရီခွဲဝန်းကျင်အချိန်၊ အိမ်စီးကားဖြင့် ကင်းလှည့်လာသည့် ရဲကား မိုင်းခွဲတိုက်ခိုက်ခံရကာ အပြန်အလှည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေ လူငယ်တစ်ဦးက မဇ္စျိမကိုပြောသည်။ 

“ရဲတွေက ကားနဲ့ဗျ၊ ကားက PAJERO အိမ်စီးကား၊ကင်းလှည့်တဲ့အချိန်၊ ကျွန်တော်တို့မြို့အဝင်ဆိုင်းပုဒ်နားအရောက် ဗုံးပေါက်ပြီး အပြန်အလှန်ပစ်ကြတာဗျ၊ အချက် ၄၀ နီးပါးလောက်တော့ကြားတယ်၊ ရဲကားကတော့ဘီးပေါက်ကြီးနဲ့ အသားကုန်မောင်းပြေးသွားတယ်ဗျ၊ ဒီမနက်ကြားတာတော့ ရဲတစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်လို့ သတင်းကြားတယ်” ဟုအဆိုပါလူငယ်မှ ပြောသည်။ 

ဒီကနေ့မနက်ပိုင်းတွင် ညက တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အနီးဝန်းကျင်တွင် အရပ်သား အမျိုးသားရုပ်အလောင်းတစ်ခုတွေ့ရပြီး မည်သူဆိုသည်ကိုတော့ အတည်မပြုနိုင်သေးကြောင်း ဒေသခံကဆိုသည်။ 

“ပြည်သူအလောင်းတစ်လောင်းကို ဒီမနက်မှာ နာရေးကားလေးတစ်စီးနဲ့လာကောက်သွားတာမြင်လိုက်တယ်ဗျ၊ ညကသေနတ်မှန်လို့လား၊ ဘာကြောင့်သေတာလဲတော့ ကျွန်တော်လဲမသိဘူး” ဟုဒေသခံကပြောသည်။ 

မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်တွင် ညကပစ်ခတ်မှုဖြစ်ခဲ့သည့် နေရာတွင် စစ်သားများ အင်အား ၅၀ ခန့်ဖြင့်လာရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ရေဦးမြို့တွင် ယခုလိုပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ပစ်ခတ်မှုဖြစ်စဉ်မဖြစ်ပွားမီ ရက်များတွင် ညပိုင်းအချိန် ရဲကားများ နေ့စဉ်ကင်းလှည့်ကာ သေနတ်ပစ်ဖောက်မှုများပြုလုပ်ကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly