ပဲခူးတိုင်း မြို့ ၃ မြို့ကို Stay at home ကြေညာ

ဇူလိုင် ၆

COVID-19 ကူးစက်မှုများပြားနေသည့် ပဲခူးတိုင်းမှ မြို့သုံးမြို့ကို စစ်ကောင်စီက Stay at homeမြိုနယ်အဖြစ် ယနေ့ညတွင် ကြေညာသည်။ 

ပဲခူး၊ ပြည်၊ တောင်ငူတို့ကို Stay at home သတ်မှတ်သည်ဟု မြဝတီရုပ်မြင်သံကြား၏ ည ၈ နာရီသတင်းတွင်ပါရှိပြီး မနက်ဖြန်မနက် ၄ နာရီမှစ၍ အသက်ဝင်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ လူဦးရေ ၄၀၀ ကျော်ကူးစက်ခံနေရပြီ ရှစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်ဟု တိုင်းကျန်းမာရေးအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

 " သူတို့ကြေညာစာထုတ်ထားတဲ့အတိုင်းပေါ့ ။ ထွက်ဖို့လိုအပ်တဲ့သူထွက်ပါ၊ မလိုတဲ့သူ အိမ်မှာနေရမယ်။ ဆိုင်တွေကတော့ ပါဆယ်စနစ်နဲ့လုပ်ထားပါတယ်။ ကျောင်းနဲ့ ဈေးကတော့ ပိတ်ရမယ်လို့ မကြေညာထားသေးဘူး။ အခုတတိယလှိုင်းကိုဗစ်က အကူးလဲမြန်တယ် နောက်ပြီးဗီဇမျိုးကွဲတွေလဲရောက်နေတယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့ Maskတပ်ပါ လက်ဆေးပါလို့ပြောချင်ပါတယ်"ဟု ကျန်းမာရေးအရာရှိက ပြောသည်။

ပဲခူးမြို့တွင်ခံတစ်ဦးကတော့ "Stay at homeလို့သူတို့က သတ်မှတ်ပေမယ့် ကျောင်းနဲ့ဈေးကို သူတို့ကမပိတ်ဘူးဗျ။ အဲ့တော့ ဘာမှမထူးဘူး ကူးကျမှာ။ ...မနက်ဖြန် ကျနော့်ကလေးကျောင်းကိုမပို့တော့ဘူး"ဟု ပြောသည်။

ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အောက်ရှိ ဇဗ္ဗူသီရိ၊ ပျဉ်းမနားမြို့တို့လည်း Stay at home ကြေညာခံရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပဲခူးတိုင်းသည် ကိုဗစ်ကူးစက်ခံရမှု ဒုတိယအများဆုံးဖြစ်နေပြီး လက်ပံတန်းမြို့သည် ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိနေသည်။ 

စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ယနေ့ ဓါတ်ခွဲနမူနာ(၁၂၈၃၂)ခုစစ်ဆေးရာ ၃၆၀၂ဦးပိုးတွေ့ရှိခဲ့ပြီး ၅၂ဦးသေဆုံး ခဲ့သည်။

ယခုအထိ မြန်မာနိုင်ငံတွင် stay at homeသတ်မှတ်ခံထရသည့် မြို့ပေါင်း၃၁မြို့ရှိနေပြီး လူစုလူဝေးအများဆုံးရှိနေသည့် စာသင်ကျောင်းတွေကိုတော့ မြို့နယ်အချို့မှာ ဆက်လက်ဖွင့်ထားသည့်အတွက် ဝေဖန်မှုများရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly