ကလေးငယ်တွေကို ဖမ်းဆီးတာနဲ့ အကြမ်းဖက်မှု အမြန်ဆုံးရပ်တန့်ဖို့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ထုတ်ပြန်

ကလေးငယ်တွေကို ဖမ်းဆီးတာနဲ့ အကြမ်းဖက်မှု အမြန်ဆုံးရပ်တန့်ဖို့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ထုတ်ပြန်

ဇူလိုင် ၆

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ကလေးသူငယ်တွေကို မတရားဖမ်းဆီးတာနဲ့ အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့ လူအခွင့်အရေးဝန်ကြီးဌာနက ဇူလိုင်လ ၅ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး အသက် ၁၈ နှစ်အောက် ကလေးသူငယ်စုစုပေါင်း အနည်းဆုံး (၇၇) ဦးကို မတရားဖမ်းဆီးခဲ့ပါတယ်။ တချို့ကလေးငယ်တွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးခဲ့သလို နေအိမ်အတွင်း ဖခင်ရင်ခွင်ထဲရှိနေစဉ် သေနတ်နဲ့ ချိန်ရွယ်ပစ်သတ်ခံရတဲ့ ကလေးငယ်လည်း ရှိနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က မိခင်ဖြစ်သူ ဒေါက်တာထားထားလင်းနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံ လိုက်ရတဲ့ သားဖြစ်သူ အသက်ခုနှစ်နှစ် အရွယ်ရှိ မောင်အောင်သုခမိန်လင်းကို ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုး ထိန်းသိမ်းထားတယ်ဆိုတာကို မသိရတဲ့အတွက် ကလေးငယ်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စိုးရိမ်တယ်လို့ ရေးသားထားပါတယ်။

မိုးကုတ်မြို့က အသက် ငါးနှစ်အရွက် ကလေးငယ် မစုထက်ဝိုင်းဟာ ဖခင်ဖြစ်သူကိုဖမ်းမမိတဲ့အတွက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ကလေးငယ်တွေအနက် အသက်အငယ်ဆုံးဖြစ်ပြီး လွတ်မြောက်လာခဲ့ပေမယ့် ဆိုးဝါးလှတဲ့ ထောင်တွင်းအတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ရပါတယ်။
စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့တဲ့ ကလေးသူငယ်တွေအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားပေးရေးအစီအစဉ်တွေ ပံ့ပိုးလုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဒီကလေးငယ်တွေဟာ ဘာပြစ်မှုမှကျူးလွန်ထားတဲ့ကလေးငယ်တွေ မဟုတ်တဲ့အတွက် ကလေးသူငယ်အခွင့်အရေးကို နှစ်ထပ်ကွင်းချိုးဖောက်ခံရတာဖြစ်တယ်လို့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကလေးသူငယ်အခွင့်အရေးကို အာကွယ်စောင့်ရှောက်ဖို့ စာချုပ်ကို အတည်ပြုရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် အကြမ်းဖက်စစ်ကောင်စီဟာ ကာကွယ်ပေးဖို့ ပျက်ကွက်ရုံမက ကလေးငယ်တွေအပေါ် နိုင်ငံတကာ ရာဇဝတ်မှုကိုပါ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါကြောင့် အခုလိုကလေးသူငယ်တွေအပေါ် မတရားဖမ်းဆီးသူတွေနဲ့ စေခိုင်းသူတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့ လူအခွင့်အရေးဝန်ကြီးဌာနတို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly