ဗြိတိန်ပံ့ပိုးသော အထူးအဖွဲ့က မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမည်

ဗြိတိန်ပံ့ပိုးသော အထူးအဖွဲ့က မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမည်

ဇူလိုင် ၆

မြန်မာနိုင်ငံတွင်  ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းမှုနှင့်အတူ နိုင်ငံသည် ၀ရုန်းသုန်းကား အခြေအနေတွင်း သက်ဆင်းထားခဲ့ပြီးနောက် ငါးလအကြာ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရန် အထူးလုပ်ငန်းအဖွဲ့သစ်တစ်ခုက ဇူလိုင် ၅ ရက်တွင် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဗြိတိန်အစိုးရ ငွေကြေးထောက်ပံ့ပေးထားသော ပရောဂျက်တစ်ခုဖြစ်သည့် Myanmar Witness က ပြောကြားရာတွင် ယင်းအနေဖြင့် မြန်မာနိုင်ငံတွင် သံသယရှိ ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားနှင့်အတူ သတင်းအချက်အလက်များကို မျှဝေသွားမည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာစစ်တပ် အုပ်ချုပ်သူများအပေါ် တိုးမြှင့် ဖိအားပေးရန် အနောက်နိုင်ငံများက ကြိုးပမ်းနေစဉ်ယခု အစီအစဉ်ပေါ်ထွက်လာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့၀င်များ၏ လက်ချက်ကြောင့် လူပေါင်း ၈၈၀ ဦးကျော် သေဆုံးခဲ့ပြီဟု ကုလက ပြောဆိုထားပြီး  အာဏာသိမ်းမြန်မာစစ်တပ်ဘက်ကမူ ယင်းကိန်းဂဏန်းများမှာ ချဲ့ကားထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

“Myanmar Witness အဖွဲ့အနေနဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဖြစ်နိုင်ခြေရှိ နှောက်ယှက်၊ ချိုးဖောက်မှုဆိုင်ရာ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး လွတ်လပ်စွာ အချက်အလက် စုဆောင်းတာ၊ ထိန်းသိမ်းတာ၊ စီစဉ်ဆောင်ရွက်တာ၊ စုံစမ်းစစ်ဆေးတာ၊ အတည်ပြုတာနဲ့ သုံးသပ်တာတွေကို လုပ်သွားမှာဖြစ်ပါတယ်” ဟု အဆိုပါအဖွဲ့က ပြောသည်။

ထို့ပြင် အရပ်သားပြည်သူများထံမှ အချက်အလက် တင်ပြမှုများ လုပ်စေရန် အားပေးတိုက်တွန်းမည်ဖြစ်သလို သတ်ဖြတ်မှု၊ စော်ကားမှုနှင့် အခြား ချိုး‌ဖောက်မှုများကို ပြသထားပုံပေါ်သည့် မြန်မာနိုင်ငံသားများ ဆိုရှယ်မီဒီယာပေါ် တင်သည့် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့်ပတ်သက်၍ လွတ်လပ်စွာ အတည်ပြုစုံစမ်းမှုများ လုပ်မည်ဟုလည်း ယင်းက ပြောသည်။

ယင်းအပြင် မြန်မာစစ်တပ်၏ လက်တုံ့ပြန်မှုများ၊ အရပ်သားဧရိယာများနှင့် ဘာသာရေးအဆောက်အအုံကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများနှင့် ဆန္ဒပြသူများကို အသက်မသေစေတောင်မှ ထိခိုက်နာကျင်စေလိုသည့် ရည်ရွယ်ချက်ရှိသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး မှန်ကန်ကြောင်း အတည်ပြုထားနိုင်သည့် သက်သေအထောက်အထားများကို ဖော်ထုတ်ရရှိထားပြီးဖြစ်ကြောင်း Myanmar Witness က ပြောသည်။

မြန်မာနိုင်ငံရှိ စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့၀င်များ၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအုပ်စုများက ပြစ်တင်ရှုတ်ချမှုများ လုပ်ဆောင်ထားသည်။

မြန်မာအာဏာသိမ်းအုပ်စုဘက်ကမူ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုများကို တန်ပြန်ရန် လိုအပ်ချိန်မှသာ အင်အားသုံးထားကြောင်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly