ခင်ဦးနယ်သား ပျူစောထီးခေါင်းဆောင် အသတ်ခံရ

ခင်ဦးနယ်သား ပျူစောထီးခေါင်းဆောင် အသတ်ခံရ

ဇူလိုင် ၆

ပျူစောထီးခေါင်းဆောင်ဟုဒေသခံများအတွင်း နာမည်ဆိုးဖြင့်ကျော်ကြားသူတစ်ဦး ဓါးဖြင့်ခုတ်သတ်ခံရမှု ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်း ယနေ့နံနက်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများအပြောအရသိရသည်။ 

ခင်ဦးမြို့နယ်တောင်ဘက် ရွာသန်းကျေးရွာအနီးလယ်ကွင်းထဲတွင် နံနက် ၈ နာရီခွဲက အသက် ၆၀ အရွယ် ဦးအုန်းမြိုင် အသတ်ခံရခြင်းဖြစ်သည်။

“ ကျွန်တော်တို့လည်း တော်တော်များများရွာအပြင်ကိုပြေးနေရတယ်၊ မနက်က သူအသတ်ခံရပြီး စစ်ကား သုံးစီးနဲ့ လူနာတင်ယာဉ်တစ်စီးရောက်လာတယ်၊ ရွာထဲစစ်သားတွေလာကြတော့ သိတဲ့အတိုင်း အကုန်ပြေးကြတာပေါ့ဗျာ” ဟု ရွာသားတစ်ဦးက မဇ္ဈိမကို ပြောသည်။  

ဦးအုန်းမြိုင်သည် ဇာတ်ကြောဓားဒဏ်ရာနှင့် သေဆုံးနေတာကို တွေ့ခဲ့ရကြောင်းနှင့် မနက်ပိုင်းတွင် လူတစ်စုမှ လယ်ထဲတွင်ရှိနေသည့်သူ့ကို ဝိုင်းခုတ်ခဲ့တာဖြစ်သည်ဟုဆိုသည်။ 

အခင်းဖြစ်ပွားရာရွာအမည်မှာ သန်းခေါင်စာရင်းများတွင် ရွာသန်းရွာဟုတွင်သော်လည်း ကျေးရွာဆိုင်းဘုတ်မှာတော့ ရွာသန့်ဟူ၍ ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် မဟာမိတ်အဖွဲ့တစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဦးအုန်းမြိုင်ကို ရွာသားများက ကျေးရွာ၏ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ်သိထားသည်။ 

“ဒီဘက်မှာတော့ ပျူစောထီးအဖွဲ့တွေရှိတယ်၊ ရွာအနီးအနားမှာ သူတို့သင်တန်းပေးတာမျိုးတော့မရှိဘူး၊ ဒါပေမယ့် မြို့ပေါ်ကိုတက်ပြီး သင်တန်းသွားကြတယ်ဆိုတာမျိုးတော့ သူတို့ဘက်က ထွက်လာတဲ့သတင်းတွေအရကျွန်တော်တို့သိတာ၊ ပြီးတော့ သူ့မှာ သေနတ်တစ်လက်လည်းရှိတယ်ဆိုပြီး ကြွားတယ်တဲ့၊ အခြားတစ်ဦးကပြန်ပြောပြတာ၊ ရွာမှာသူက ခေါင်းဆောင်ပေါ့” ဟုဒေသခံကဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲမရှိခဲ့သည့် ခင်ဦးမြို့နှင့် လေးမိုင်ခန့်အကွာ ရွာသန်းကျေးရွာကို စစ်ကောင်စီတပ်များ စစ်ကားများဖြင့် ရှစ်ခေါက်ခန့်အထိ လာခဲ့ကြောင်းသိရသည်။ 

စစ်သားများရောက်လာကြသည့်အခါတိုင်း ရွာသားများ ထွက်ပြေးကြရသည်။ ကျေးရွာအတွင်းအကြောင်းမဲ့ဖမ်းဆီးခံရမှုရှိခဲ့သလို ဈေးဆိုင်မှ ပစ္စည်းများ ယူဆောင်သွားခံရမှုကိုလည်း ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။

စစ်သားများရောက်လာသည့်တစ်ခေါက်တွင် ပန်းရံဆရာ တစ်ဦးဖြစ်သူ ဦးဖိုးတော အားနေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခံရမှုဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်တွင် သူ့ကို ရွှေဘိုထောင်တွင် ထောင် နှစ်နှစ်ချမှတ်ခံရကြောင်း မိသားစုဝင်များ၏ အပြောအရသိရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏလာရောက်ခဲ့သည့်အတွက် သတင်းပေးခေါ်ဆောင်သူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဖိုးချိုအား ရွာနီးဝန်းကျင်မှ ဓါးကြိမ်းကြိမ်းထားရာ သူလည်း ရွာတွင်မနေရဲဘဲ တိမ်းရှောင်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly