PDF ၃၁ ဦး အသက်စွန့်ခဲ့ရတဲ့ ဆပ်ပြာကျင်းတိုက်ပွဲ

PDF ၃၁ ဦး အသက်စွန့်ခဲ့ရတဲ့ ဆပ်ပြာကျင်းတိုက်ပွဲ

ဇူလိုင် ၅

တစ်ရက်ထဲ သုံးကြိမ်ဖြစ်ခဲ့သည့် ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာအနီးက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲတွင် တက္ကသိုလ်ကျောင်းသားခြောက်ဦးအပါအဝင် ကာကွယ်ရေးတပ်သား ၃၁ ဦး အသက်စွန့်လွှတ်ခဲ့ရသည်။ စစ်ကောင်စီတပ်သား ၁၁ ဦးခန့်သေဆုံးကာ ဒဏ်ရာရသူ များပြားကြောင်း PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇူလိုင်လ ၂ ရက်၊ မနက်ပိုင်း ၇ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာ အနီးတွင် စစ်ကောင်စီတပ်သား၂၀၀ ခန့်နှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။ 

မနက်ပိုင်းတိုက်ပွဲ

စစ်ကောင်စီတပ်သားတွေဘက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့မှုတွေပြုလုပ်ခဲ့ပုံနှင့် တိုက်ပွဲဖြစ်ပွားပုံကို တိုက်ပွဲအတွင်းပါဝင်သူ PDF လူငယ်တစ်ဦးက မဇ္ဈိမ ကိုပြောသည်။ 

“မနက်ပိုင်းမှာ စစ်သားတွေက ရွာထဲကိုဝင်ဖို့လာကြတာ၊ စစ်ကားတွေနဲ့လာတာ၊ စစ်ကားတွေကိုတစ်နေရာမှာ ရပ်ခဲ့တယ်ထင်တယ်၊ ကျွန်တော်တို့ကရှောင်တာ၊ ဒါပေမဲ့ သူတို့ဆီမှာ ဒလန်ပါတယ်ထင်တယ်၊ ကျွန်တော်တို့ရွာရဲ့တောင်ဘက်နားက ကျွန်းတောလေးရွာအနားအရောက် ကျွန်တော်တို့ရှောင်တဲ့နေရာကို တန်းတန်းရောက်လာတယ်၊ ပြီးတော့ သူတို့က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တော့တာပဲ” ဟု အသက်၂၃ နှစ်အရွယ်လူငယ်ကဆိုသည်။ 

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စိန်ပြောင်း၊အာပီဂျီ တွေနဲ့အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့မှုကို ဒေသခံ PDF ဘက်မှ လက်လုပ်သေနတ်များဖြင့် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

နာရီဝက်အကြာ ဖြစ်ပွားခဲ့တဲ့ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦးကျဆုံးကာ ဒဏ်ရာရသူများရှိခဲ့ပြီး PDF ဘက်မှ ခုနစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ 

နေ့လည်ခင်းတိုက်ပွဲပြင်းထန်

မနက်ပိုင်းတိုက်ပွဲတွင် ဒဏ်ရာရပြည်သူ့ကာကွယ်ရေးတပ်သားများ တိုက်ပွဲအနီးဝန်းကျင်တွင် ကျန်နေခဲ့ပြီး၊ နေ့လည် ၁၂ နာရီအချိန်တွင် PDF မှ ပြည်လည်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားရာနေရာတွင် တပ်စွဲထားပြီး စစ်ကားတစ်စီးမှ ကျည်ဆန်များ ဖြည့်တင်းပေးနေခဲ့သည်။

“ ၁၂ နာရီအချိန်လောက်မှာ ကျွန်တော်တို့က အင်အားများများနဲ့ ပြန်တိုက်တယ်၊ ကျွန်တော်တို့လဲ လက်လုပ်လက်နက်ကြီးနဲ့ ပြန်ပစ်တယ်၊ တကယ်တန်းကျတော့မရပါဘူး၊ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ယှဉ်လို့မရဘူး၊ ကျွန်တော်တို့ဘက်က လက်နက်ကြီးဆိုတာ တူမီးအကြီးစားပါပဲ၊ တစ်ခါပစ်ရဖို့ကိုလဲ အကြာကြီးလုပ်ရတာကို အဲ့ဒါကြောင့် ဒုတိယတိုက်ပွဲမှာ ကျွန်တော်တို့ဘက်က အတော်ကျတယ်”ဟု PDF လူငယ်ကဆိုသည်။ 

နာရီဝက်အကြာ ပစ်ခတ်မှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် မိုးရွာလာချိန် တပ်ဆုတ်ခဲ့ရကာဒဏ်ရာရသူများကို ထားခဲ့ရခြင်းဖြစ်သည်။ 

ထို့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဒဏ်ရာရနေသည့် PDF တပ်သားများနှင့် အရပ်သားများကို အနီးကပ်ရှာဖွေပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ပထမတိုက်ပွဲမှာ ကျွန်တော်တို့ပြန်ခေါ်လို့မရသေးလို့ ဒဏ်ရာရတဲ့သူတွေကို ခြုံတွေထဲမှာဖွက်ထားခဲ့ရတယ်၊ အဲ့ထဲက ခြောက်ဦးလောက်ကို သူတို့တက်ရှာပြီး အနီးကပ်ပစ်သတ်ထားခဲ့ကြတာ၊ ကျွန်တော်တို့အလောင်းတောင်ကောက်လို့မရလိုက်ဘူး”ဟု ရဲဘော်သူရဲကောင်းတွေ ကျဆုံးခဲ့ရခြင်းကို စိတ်မကောင်းဖြစ်နေရသူ လူငယ်ကဆိုသည်။ 

“ကျွန်တော်တို့ လူငယ်တွေရဲ့ ရုပ်အလောင်းတွေကို မြေပဲခင်းတွေအနီးအနားမှာသွားကောက်တော့ သေဆုံးသူတွေတော်တော်များများက ခေါင်းမှာအပစ်ခံထားရတာ၊ အခြားဒဏ်ရာတွေလဲရှိတယ်” ဟု နောက်ရက်မှာ ရုပ်အလောင်းကောက်ပေးထားသူ ဒေသခံတစ်ဦးက ပြောသည်။ 

လက်နက်ကြီး ဒဏ်ရာရပြီး လွတ်မြောက်ခဲ့သူ PDF ရဲဘော်

တပ်ဆုတ်ခဲ့ရသည့် PDF တပ်သားများအား စစ်ကောင်စီတပ်ဖွဲ့များက လိုက်လံပစ်ခတ်ပြီး တောနင်းရှာဖွေခဲ့သည်။ ဒဏ်ရာရသူအချို့လွတ်မြောက်ခဲ့ပြီး၊ နောက်ကျောကို ဒဏ်ရာရသူ အသက် ၂၂ အရွယ် လူငယ်တစ်ဦးလည်းပါဝင်ခဲ့သည်။ 

“ကျွန်တော်က ၂ ရက်နေ့မနက် တိုက်ပွဲမှာ လက်နတ်ကြီးကျည် မှန်တာပါ၊ ကျောကုန်းကိုမှန်တာ၊ ခုတော့ယမ်းဆတွေထုတ်ပြီး ရှိတဲ့ဆေးလေးတွေထည့်ထားရတာပေါ့၊ ပုန်းနေရတုန်းဆိုတော့ အနာကိုသေခြာမလုပ်ရသေးဘူး၊ ကျွန်တော်နဲ့အတူ နှစ်ရောက်မှာက ခြေထောက်မှာထိတာ” ဟုဒဏ်ရာအခြေအနေကိုသူက ပြောသည်။ 

အဆိုပါလူငယ်နှစ်ဦးမှာ တစ်ဦးက သင်္ချာမေဂျာ တတိယနှစ်တက္ကသိုလ်ကျောင်းသား ဖြစ်ပြီး၊ အခြားနှစ်ဦးမှာ ဆယ်တန်းကျောင်းသားများဖြစ်သည်။ 

“ကျွန်တော်တို့နိုင်ငံ ဒါမျိုးကြီး ဖြစ်နေတာကိုမလိုချင်ဘူး၊ ကျွန်တော်တို့အနာဂတ်ကို ကျွန်တော်တို့ကိုယ်တိုင် လုပ်ယူရမယ်ဆိုတာမျိုး စိတ်နဲ့ ကျွန်တော်ဒီလမ်းကို ရွေးခဲ့တာပါ”တတိယနှစ် တက္ကသိုလ်ကျောင်းသားက ဟုသူ့ယုံကြည်ချက်ကို ပြတ်ပြတ်သားသားဆိုသည်။ 

လက်နက် မယှဉ်နိုင်လို့ အထိနာခဲ့ရတဲ့ တိုက်ပွဲဖြစ်လို့ လက်နက်ကောင်းကောင်းအမြန်လိုချင်ကြောင်း သူကဖွင့်ဟသည်။ တပြိုင်နက်တည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုလဲ အမြန်းဆုံးကူညီပေးရန်တောင်းဆိုထားသည်။ 

“အဓိကကတော့ လက်နက်ပါပဲဗျာ၊ ကျွန်တော်တို့မှာက ခုထိတူမီးပဲရှိသေးတာလေ၊ သူတို့က တစ်နေရာကနေ အထိုင်ချပြီး လက်နက်ကြီးနဲ့ဆော်တာ၊ ပြီးမှ ဒဏ်ရာရလို့မပြေးနိုင်တဲ့သူတွေကို လိုက်သတ်တာ၊ အဲ့တော့ကူချင်ဆိုရင် လက်နက်အမြန်ဆုံးကူကြပါဗျာ” ဟုသူကဆိုသည်။ 

ကျေးရွာအုပ်စု သုံးခုက ပြည်သူတွေထွက်ပြေးနေရ

ဇူလိုင်လ  ၂ ရက်၊ တိုက်ပွဲများအပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် အနီးအနားက ကျေးရွာများတွင် မဲမဲမြင်ရာ ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရသည်။ ကျေးရွာအုပ်စု သုံးခုမှ ရွာပေါင်း ၁၂ ရွာခန့်က ပြည်သူများထွက်ပြေးနေရခြင်းဖြစ်သည်။ 

“မိုးတွေကလဲရွာတယ်၊ အဲ့ဒီည(ဇူလိုင် ၂ရက်)က စစ်သားတွေတောနင်းရှာကြတယ်ဆိုတော့ ပြေးပြီးပုန်းနေရတာ၊ မိုးရွာတော့ မိုးစိုစိုနဲ့ တစ်ညလုံးမအိပ်ရဲဘူး၊ အကုန်ပါပဲတွေ့ရာလိုက်ပစ်၊လိုက်ဖမ်းလုပ်နေကြတာ၊ ကလေးလူကြီးအကုန်ဒုက္ခရောက်တယ်၊ စားစရာလဲ မယ်မယ်ရရ မရှိဘူး” ဟုထွက်ပြေးနေရသူ အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများလိုအပ်ကြောင်း သူမကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required