နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂ ဇူလိုင် ၂၀၂၁)
ပုံ - ဇူလိုင်လ ၂ ရက်၊ မန္တလေးမြို့ မန္တလာတက္ကသိုလ်ကျောင်းသား/သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း(Photo - CJ)

ရန်ကုန်တိုင်းဒေသကြီး

• စစ်အုပ်စုလက်အောက်ခံ အင်းစိန် CID ရဲသင်တန်းကျောင်းတွင် ရဲတပ်ဖွဲ့ဝင် ၁၂၀ အနက် ၁၁၄ ဦးတွင် ကိုဗစ်ရောဂါပိုး ကူးစက်နေသည်။ 

• သင်္ဃန်းကျွန်းမြို့နယ်တွင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေသည့် ကိုကောလ်ထန်ဗွစ်အား ယမန်နေ့နည ၁၁ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက ၎င်းနေထိုင်သည့် တိုက်ခန်းတွင် ဝင်ရောက်ဖမ်းဆီးကာ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွား သည်ကိုမူ မသိရသေးသော်လည်း ၎င်းမှာ ကလေးနည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားစဉ်က မီဇိုးကျောင်းသားလူငယ် အဖွဲ့ ဦးဆောင်သူ ဖြစ်သည်။ 

• စမ်းချောင်းမြို့နယ် မြေနီကုန်းကုန်းတံတားပေါ်တွင် နံနက် ၈ နာရီကျော်ခန့်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပိုစတာကပ်ထားရာ သွားရောက် ဖြုတ်ယူစဉ် ပေါက်ကွဲမှုဖြစ်၍ သွားရောက်ဖြုတ်ယူသည့် ရဲကားတွင် ထိခိုက်ခဲ့ကာ ထိခိုက်မှုအသေးစိတ်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ ပေါက်ကွဲမှုအပြီးတွင် စစ်အုပ်စုလက်နက်ကိုင်များက လမ်းခေတ္တပိတ်ဆို့ခဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• လှိုင်မြို့နယ်၊ (၉) ရပ်ကွက်၊ ရန်ကုန်-အင်းစိ်နလမ်းမကြီးပေါ် ဘူတာရုံလမ်းမှတ်တိုင်အနီးရှိ လျှပ်စစ်ရုံးတွင်လည်း နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ 

• ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း (မဟာဗန္ဓုလမ်းထိပ်) အနီးတွင် နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်က ပေါက်ကွဲ နိုင်သည့် ပစ္စည်းတွေ့ရှိသည်ဟုဆိုကာ စစ်အုပ်စုလက်နက်ကိုင်များက လမ်းပိတ်ထားခဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• ရန်ကုန်မြို့တွင် စစ်အုပ်စုလက်နက်ကိုင်များက အရပ်ဝတ်နှင့် အငှားယာဉ်များသုံးကာ ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း သိရသည်။ 

မန္တလေးတိုင်းဒေသကြီး

• မန္တလေးလူငယ်သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်အလံ မီးရှို့ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလာတက္ကသိုလ်ကျောင်းသားများ သပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်ကြားက ပင် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း မြို့ပေါ် လူစည်ကားရာစျေးတစ်ခု၌ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ တပ်ပေါင်းစုတွင် ဗကသ၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူ၊ ပညာရေးမိသားစု၊ စိန်ပန်းမြေ၊ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• မန်း အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းကလည်း "ငါတို့ မန္တလေး ငါတို့ပြန်ပေး"ဟု ကြွေးကြော် ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်း စက်မှုစုပေါင်း သပိတ်စစ်ကြေင်းကလည်း စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြွေးကြော် ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း မြတောင်သပိတ်စစ်ကြောင်းကလည်း "ပစ်မိန့်ကို မကြောက်လို့ စစ်မိန့်ကို တော်လှန်တာ"ဟု ကြွေးကြော်ကာ သွေးစွန်း နေသည့် နိုင်ငံတော်ဟု ဆိုကာ နိုင်ငံတော်အလံ မီးရှို့၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း လေးပြင်ရပ် သံဃာတော်များ၏ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကလည်း မတရားဖမ်းဆီးခံထားရသူများ လွှတ်ပေးရေး နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ 

• ချမ်းမြသာစည် လူထုသပိတ်စစ်ကြောင်းကလည်း "အရမ်းညီတဲ့ ချမ်း/စည်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်ကိုင် ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းမြို့ခံ လူငယ်အချို့ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းစာများ ရေးသားကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• ပြည်သူ့ကာကွယ်ရေးနှင့် အာဏာရှင် ရှင်းလင်းသုတ်သင်ရေး - မန္တလေး (N.G.U:FF) က ဇွန်လ ၁၈ ရက်နှင့် ၂၅ ရက်တို့တွင် စစ်အုပ်စုသတင်းပေးများဖြစ်သည့် ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော် အုပ်ချုပ်ရေးမှူး ကျော်စိန်နှင် ကျော်ကျော်မင်းဆို သူတို့အား ရှင်းလင်းခဲ့သည်မှာ မိမိတို့ လက်ချက်ဖြစ်ကြောင်းနှင့် စစ်တပ်သတင်းပေးများအနေဖြင့် စစ်အုပ်စုနှင့် ပတ်သက် ဆက်နွှယ်မှုများအား ရပ်တန့်ရန်အတွက် နောက်ဆုံးအကြိမ် သတိပေးလိုက်သည်ဟု ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

• မန္တလေးမြို့တွင်းရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်တို့အား Stay at Home မြို့နယ်များအဖြစ် စစ်အုပ်စုက ကြေညာထားသည်။ 

• စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာတွင် နံနက် ၈ နာရီခန့်က စစ်အုပ်စုသတင်းပေးဒလန်ဟု သတင်းထွက်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မှာ ကွမ်းယာဆိုင်အတွင်း ကွမ်းဝယ်နေစဉ် ဆိုင်ကယ်စီးလာသူအချို့က သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် သေဆုံးသွားပြီဖြစ်ကြောင်း သိရကာ ပစ်ခတ်မှုအပြီး စစ်အုပ်စုလက်နက်ကိုင်များက ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေကြရသည်။ 

• မြင်းခြံမြို့နယ်၊ ကုလရွာအနောက်ဘက် ဘောလုံးကွင်းတွင် ယမန်နေ့က ဒေသခံများ၏ ဆိုင်ကယ်နှစ်စီးအား စစ်အုပ်စုလက် နက်ကိုင်များက သိမ်းဆည်းသွားကာ ပြန်လည်လိုချင်ပါက ကြည်ရွာတွင် လာရောက် ရွေးယူရမည်ဟု ပြောဆိုခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပြည်မြို့ ဖိုးခေါင်ရပ်ကွက်တွင် နေထိုင်သူ ကိုစိုးမင်းအား စစ်အုပ်စုက ဇွန်လ ၂၉ ရက်က ည ၁၁ နာရီက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးပို့ခံရအပြီးတွင် သေဆုံးသွားပြီဖြစ်ကြောင်းနှင့် အလောင်းလာထုတ်ရန် ဇူလိုင်လ ၁ ရက် ယမန်နေ့က မိသားစုထံ အကြောင်းကြားခဲ့သည်။ 

• ပဲခူးတိုင်း မင်းလှနှင့် သာယာဝတီမြို့နယ်တို့အား Stay at Home မြို့နယ်အဖြစ် စစ်အုပ်စုက ကြေညာထားသည်။ လက်ပံ တန်းနှင့် ဖြူးမြို့နယ်တို့တွင်လည်း Stay at Home ကြေညာထားပြီး ဖြစ်သည်။ ယင်းသို့ ကြေညာအပြီးတွင် မင်းလှမြို့နယ် တွင်းရှိ စာသင်ကျောင်းများကိုပါ ယာယီပိတ်ထားလိုက်သည်။

• ပဲခူးအနောက်ခြမ်း၊ ပေါင်းတည်မြို့၊ နွယ်ချို (၂) ရပ်ကွက်ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့တွင် ယမန်နေ့ ညနေပိုင်း ၆ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်သူ မရှိခဲ့ပေ။ 

• ပဲခူးအနောက်ခြမ်း ပေါင်းတည်မြို့ ဟင်္သာကန်ရပ်ကွက်ရှိ စစ်အုပ်စုသတင်းပေးဟု နာမည်ထွက်နေသူ သစ်တောထွက်ပစ္စည်း ရောင်းဝယ်ရေးနှင့် ရွှေ အရက်ဆိုင်ပိုင်ရှင် အောင်ဆန်းဝင်း (ခ) ဂျစ်ပွေးမှာ နံနက် ၆ နာရီဝန်းကျင်ခန့်က ဆိုင်ကယ်ဖြင့် ပေါင်းတည်မြို့ဘက်မှ ပြန်လာစဉ် ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ကာ ၎င်းအား မိမိတို့ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပဲခူးပြည်သူကာကွယ်ရေးတပ်က ကြေညာထားသည်။ 

• ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ ကသည်းတန်းလမ်းနေ အသက် ၁၉ နှစ်အရွယ် မောင်အောင်အောင်လွင်အား စစ်အုပ်စု လက်နက်ကိုင်များက စစ်အုပ်စုခေါင်းဆောင်အား ဆဲဆိုသည်ဆိုကာ စစ်အုပ်စုသတင်းပေးများက တိုင်ကြားသဖြင့် ဇွန်လ ၂၈ ရက်ညပိုင်းက ဖမ်းဆီးသွားပြီးနောက် ဇူလိုင်လ ၁ ရက်တွင် သေဆုံးသွားကာ မိသားစုအား အကြောင်းမကြားဘဲ မီးသင်္ဂြိုဟ်ခဲ့သည်။ စစ်အုပ်စုအား ဆဲဆိုသည်ဟု တိုင်ကြားခဲ့သည့် ရပ်ကွက်အတွင်းရှိ စစ်တပ်တွင် ထမင်းချက်သူမှာလည်း အဆိုပါလူငယ် ဖမ်းဆီးခံရပြီးနောက် မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရသည်။ 

• ပဲခူးအခြေစိုက် Bago Weekly ဂျာနယ်မှ သတင်းထောက် ကိုငြိမ်းချမ်းဝေအား လက်ပံတန်းမြို့နေအိမ်တွင် မေလ ၁၄ ရက် ညပိုင်း ၁၂ နာရီခန့်က စစ်နှင့် ရဲအင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထားရာမှ ပြည်ထောင်စုနှင့် အစိုးရအား အများမုန်းတီးအောင် လှုံဆော်မှု ပုဒ်မ ၁၂၄ (က) ဖြင့် ထပ်မံပုဒ်မတပ် တရားစွဲထားသည်ဟု သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• မုံရွာမြို့ စက်မှုဇုန်တွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပြီးနောက် လူငယ် ၂၃ ဦးအား သံသယမှုဖြင့် စစ်အုပ်စုက ဖမ်းဆီးထားရာ ကိုငယ်လေးဆိုသူမှာ ဖမ်းဆီးခံရပြီး ခြောက်နာရီခန့်အကြာ ယမန်နေ့ညနေပိုင်းတွင်ပင် သေဆုံးသွား၍ အလောင်းလာယူရန် မိသားစုအား အကြောင်းကြားထားသည်ဟု သိရသည်။ 

• ကောလင်းမြို့နယ် အရှေ့ခြမ်း ရွာရှည်ကျေးရွာတွင် စစ်အုပ်စုသတင်းပေးဟု နာမည်ထွက်နေသည့် အသက် ၅၀ အရွယ်ဝန်းကျင် ဦးကြည်ထူးဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် သေဆုံးသွားသည်ဟု သိရသည်။ 

• တမူးမြို့တွင် စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၅၀ ခန့်ဖြင့် ယမန်နေ့ညပိုင်းက ဧည့်စာရင်းစစ်မည်ဟုဆိုကာ စော်ဘွား (၇) ရပ်ကွက်၊ စျေးတောင်ဘက်ခြမ်းနှင့် အ.မ.က (၅) ကျောင်းဘက်တို့တွင် ပြည်သူများ၏ နေအိမ်များအား ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ဖမ်းဆီးခံရသူအချို့ ရှိသည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက် သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ပုလဲမြို့နယ်၊ ကမ္ဘာရပ်ကျေးရွာတွင် စစ်အုပ်စုသတင်းပေးဟု သတင်းထွက်နေသူ ဦးကျော်ဦးဆိုသူမှာ ယမန်နေ့ ညနေ ၅ နာရီခန့်က မုံရွာမြို့မှ ပြန်လာစဉ် လမ်း၌ သေနတ်ဖြစ့် ပစ်ခတ်ခံရသည့်အတွက် ဦးခေါင်းထိမှန်ကာ သေဆုံးသွားခဲ့သည်။ 

• ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက မြို့ခံလူငယ်များက ကိုဗစ်ကူးစက်မှု မရှိအောင် သုံးပေစီခွာ၍ မြို့တွင်းချီတက်လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမားပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင် စနစ် ဆန့်ကျင်မှု ၁၁၄ ရက်မြောက်နေ့အဖြစ် ယနေ့တွင် ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကာ ကိုဗစ်ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ သတိပေးစာရွက်များကိုလည်း ဝေမျှခဲ့ကြသည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း လူအင်အားအများအပြားဖြင့် ဒေသ တွင်းလှည့်လည်ကာ စစ်ာအာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအကျော် ဘုန်းကြီးကျောင်းတွင် စစ်အုပ်စုလက်နက်ကိုင်တပ်ဖွဲ့များ ရောက်ရှိချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA တပ်ရင်း (၅) လက်အောက်ခံတပ်ဖွဲ့များက အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုတပ်ဖွဲ့ဝင် အများအပြား အထိအခိုက်များခဲ့သည်ဟု သိရကာ မည်မျှထိခိုက်မှုအခြေအနေရှိသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• စစ်ကိုင်းတိုင်းတွင်း ၃၇ မြို့နယ်တွင် ၂၇ မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ချိတ်ဆက်လှုပ်ရှားမှုများ ပြုလုပ် နိုင်နေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - SPDF ခေါင်းဆောင်က မီဒီယာများသို့ ပြောဆိုထားသည်။ 

• မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် စစ်အုပ်စုလက်နက်ကိုင်များ အကြား ယနေ့နံနက် ၉ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်မှု အခြေအနေကိုမူ မသိရသေးသော်လည်း စစ်အုပ်စုဘက်က ရွာအတွင်း တပ်စွဲထားကြောင်း သိရသည်။ 

မကွေးတိုင်းဒေသကြီး

• မြို့သစ်မြို့နယ်၊ ပုလင်းပြားကြီးကျေးရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညနေပိုင်းက ဝင်ရောက်စီးနင်းရာ တောင်ယာလုပ်ပြီး ပြန်လာသူများတွင် ဓားပါသည်ဟု ဆိုကာ ရွာသားသုံးဦးအား ဖမ်းဆီးသွားသည်။ ထို့ပြင် မကြီးကုန်းကျေးရွာသို့လည်း ထပ်မံစီးနင်းကာ PSI စလောင်း ၁၀ လုံးခန့် ဖြုတ်သိမ်းသွားသည့်အပြင် ကျန်ရှိနေသည့် စလောင်းများအား ဖြုတ်သိမ်းရန်နှင့် မသိမ်းက ရွာ "နာ" မည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ပြောဆိုသွားသည်။ 

• ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာသားများအား ပန်းများဖြင့် ပုံဖော်ရေးသား၍ အိမ်တွင်းပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက် အနောက်ပိုင်းတံတားတွင် စစ်အုပ်စုသတင်းပေးဟု သတင်းထွက်နေသည့် ဥဿရံရပ်ကွက်တွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ယနေ့နံနက် ၄ နာရီဝန်းကျင်က သေနတ်ဖြင့် ပစ်ခတ် ခံရကာ ဒဏ်ရာရရှိခဲ့သော်လည်း သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။ 

• ထားဝယ်-မြိတ် ကားလမ်းမပေါ် ကတွဲနှင့် ဆိပ်ချောင်းကျေးရွာကြားရှိ ဘုတ်တောင်အနီးတွင် ယနေ့ နေ့လယ် ၁၀ ခန့်မှစ၍ လက်နက်ကြီးပစ်သံနှင့် လက်နက်ငယ်ပစ်သံများ ကြားခဲ့ရကာ မည်သည့်အဖွဲ့အစည်းက မည်သည့်အတွက် ပစ်ခတ်သည်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ 

• ထားဝယ်ပင်မသပိတ်စစ်ကြောင်းနှင့် ကျောင်းသားသပိတ်စစ်ကြောင်းတို့ ပူးပေါင်းထားသည့် ပူးပေါင်းသပိတ်စစ်ကြောင်းက လည်း ယနေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ 

• တနင်္သာရီတိုင်းတွင် CDM ပြုလုပ်သည့် ဆရာ/ဆရာမများနှင့် ကျောင်းအပ်သူမရှိသည့်အတွက် အခြေခံပညာအဆင့် ကျောင်းပေါင်း ၃၀၀ ကျော် မဖွင့်နိုင်ဘဲ ဖြစ်နေပြီး လောင်းလုံနှင့် ထားဝယ်တို့တွင် အများဆုံး ဖြစ်သည်။ 

• သရက်ချောင်းမြို့နယ်၊ ပန်းချီရှောင်ကျေးရွာနေ ပြည်သူများကလည်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လောင်းလုံမြို့နယ်၊ ရေဖြူနှင့် မောင်းမကန်ကျေးရွာတွင်လည်း လူငယ်များက အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ ညင်းမော်ကျေးရွာနှင့် သကျက်တောကျေးရွာနေ လူငယ်များကလည်း "စစ်ဖိနပ်အောက် ငါတို့ ဒူးမထောက်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ကချင်ပြည်နယ်

• ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာ၊ (၂) ရပ်ကွက်၊ လဝမ်ကထောင်ရှိ ဦးအင်ဂေါင်ဇော်အောင်ဆိုသူ နေအိမ်တွင် ဇူလိုင်လ ၁ ရက် နံနက်အစောပိုင်းက အိမ်သစ်တက်ပွဲပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် စစ်အုပ်စုလက်နက်ကိုင်များက သေနတ်ပစ်ဖောက် ဝင် ရောက်စီးနင်းခဲ့ခြင်းကြောင့် ပြည်သူတစ်ဦး သေဆုံးကာ ပြည်သူအချို့ ကျည်ထိမှန်ခဲ့ကာ ပြည်သူ ၃၀ ကိုလည်း ဖမ်းဆီးသွား သည်။ 

• ဝိုင်းမော်မြို့တွင် ယနေ့ နေ့လယ်ပိုင်း ၁၂ နာရီခန့်က မြို့အခြေစိုက် ခလရ – ၅၈ တပ်ဘက်က မုတ်ကြိတ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ 

• ဒေါ့ဖုန်းယန်မြို့နယ်ခွဲ တုန်ဟုန်းကျေးရွာအနီးတွင် မန်ဆိုင်းလမ်းကွေ့တွင် စစ်အုပ်စုလက်နက်ကိုင်များအား ကချင်လွတ် မြောက်ရေးတပ်မတော် - KIA ဘက် ယနေ့နံနက် ၉ နာရီခွဲခန့်က အဝေးထိန်းခလုတ်သုံး၍ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုများကြောင့် မိုးလဲချောင်းအနီး လယ်ယာလုပ်ကိုင်နေသည့် အသက် ၆၀ ကျော်အရွယ် အဖိုးအိုတစ်ဦးနှင့် အသက် ၃ နှစ်အရွယ် မြေးတော်စပ်သည့် ကလေးငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရခဲ့သည်။ 

• ဖားကန့်မြို့တွင် စစ်အုပ်စုဘက်က သပိတ်များ မပြုလုပ်စေရန် လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် လုံးခင်းအုပ်စုနေ ပြည်သူများက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဖမ်းဆီးဖြိုခွဲခံရမှုများ ရှိခဲ့သည့် တာမခန်သပိတ်စစ်ကြောင်းကလည်း PDF ကို ကြိုဆိုကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်ကာ ပြောက်ကျားသပိတ်ပြုလုပ်ခဲ့သည်။ 

• ဖားကန့်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားမှုများ ရှိသည့်ကြားကပင် မြို့နယ်တွင်းလှည့်လည်၍ ဆန္ဒပြ သပိတ်မှောက်ခဲ့ကြသည်။

• မိုးကောင်းမြို့နေ ပြည်သူများကလည်း "သွေးမအေးဘူး"၊ "သွေးကြွေးပြန်ဆပ်" ဟု ရေးသားထားသည့် ပိတ်စများ ကိုင်ဆောင်ကာ ကောက်စိုက်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကရင်ပြည်နယ်

• စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်မှုဖြင့် ပုဒ်မ ၅၀၅ (က) တပ် တရားစွဲခံထားရသူများအနက် ဘားအံအကျဉ်းထောင်မှ အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၁၃ ဦး လွတ်မြောက်လာပြီ ဖြစ်သည်။ 

• ဘားအံမြို့နယ် နိုးကွား၊ မဲလံ၊ မဲလံချောင်းဝစသည့် ကျေးရွာများတွင် စစ်အုပ်စုသြဇာခံ နယ်ခြားစောင့်တပ် - BGF ၁၀၁၄ တပ်ရင်းက ကျေးရွာလူကြီးများအား ခေါ်ယူကာ တစ်ရွာလျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းပေးရမည် ဖြစ်ကြောင်းနှင့် မထမ်းဆောင်နိုင်ပါက လူစားထိုးတာဝန်ပေးရန် ပိုက်ဆံပေးရမည်ဟု ခြိမ်းခြောက်ဖိအားပေးလျက် ရှိသည်။ 

ကယားပြည်နယ်

• ရှားတောမြို့နယ်တွင် စစ်အုပ်စုလက်အောက် မလုပ်လုပ်ရန် ငြင်းဆန်ကာ ပြည်သူနှင့်အတူ ရပ်တည်၍ CDM ပြုလုပ်နေသည့် အခြေခံပညာအဆင့်မှ ပညာရေးဝန်ထမ်း ၅၄ ဦးအား စစ်အုပ်စုက အလုပ်က ထုတ်ပယ်ပစ်လိုက်သည်။ 

• လွိုင်ကော်မြို့ အရှေ့ဘက် ပါလောင်းနှင့် ဒေါတရိုးကျေးရွာဘက်တွင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က လက်နက်ကြီးနှင့် လက်နက်ငယ်ပစ်သံများ ပြန်ထွက်လာသည့်အတွက် ဒေသခံများ တိမ်းရှောင်နေကြရကာ ယမန်နေ့က လွိုင်ကော်-ရှားတောလမ်းမှ တက်လာသည့် စစ်အုပ်စုစစ်ကြောင်းမှာ ပါလောင်းကျေးရွာအကျော် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည်ဟု သိရသည်။ 

ချင်းပြည်နယ်

• ဖလမ်းမြို့နယ်၊ Lamte ကျေးရွာတွင် စစ်အုပ်စုလက်နက်ကိုင် စစ်ကြောင်းတစ်ခု ဝင်ရောက်စခန်းချနေသည့်အပြင် ယနေ့ နံနက်ပိုင်းတွင် နတ်ချောင်း-ဝေဘူလ-ဖလမ်းကားလမ်းပေါ်ရှိ ကျေးရွာအချို့တွင်လည်း ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်သ ဖြင့် ကျေးရွာနေပြည်သူများ တိမ်းရှောင်နေကြရသည်။ 

• ဖလမ်းမြို့ရဲစခန်းတွင် ဇွန်လ ၃၀ ရက်က ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာရရှိခဲ့သူ တပ်ကြပ်ကြီး ဘူဟာမှာ ယနေ့နံနက်ပိုင်းတွင် သေဆုံးသွားပြီ ဖြစ်သည်။ 

မွန်ပြည်နယ်

• စစ်အုပ်စုအား အမြစ်ဖြတ်ချေမှုန်းရေးနှင့် စစ်အာဏာရှင်စနစ် အကြွင်းမဲ့ချုပ်ငြိမ်းရေးအတွက် ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDO နှင့် ရေးမြို့နယ်ကာကွယ်ရေးအဖွဲ့ - FYDF တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ပြီ ဖြစ်သည်။ 

• ပေါင်မြို့နယ်နေ လူငယ်များကလည်း "အလှူမပျက် တော်လှန်လျက်" ဟု အမည်ဖြင့် နွမ်းပါးသူများအား ကူညီသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ 

• မော်လမြိုင်မြို့နေ လူငယ်များကလည်း မြို့နယ်တွင်းလှည့်လည်၍ ဆိုင်ကယ်သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် မလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရှမ်းပြည်နယ်

• ရှမ်းမြောက်ပိုင်း သိန္နီမြို့တွင် စစ်အုပ်စုဆန့်ကျင်နေသည့် မဟာမိတ်လက်နက်ကိုင်များ၊ PDF အဖွဲ့များနှင့် ချိတ်ဆက်၍ မြို့သိမ်းတိုက်ပွဲများ လုပ်ဆောင်ရန်နှင့် ဒလန်ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - TN P.D.F ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• နမ့်ခမ်းမြို့၊ နောင်တိန်းကူးတို့ဆိပ်တွင် ယမန်နေ့ည ၈ နာရီခန့်က စစ်တပ်မှ ထွက်လာကာ ကူးတို့ဆိပ်တွင် လုပ်ကိုင်သူ အိုက်မန်ဆိုသူ အမျိုးသားတစ်ဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် သေဆုံးသွားခဲ့သည်။ 

• မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ နားကောင်းမူရှိ KTV ပါ တွဲဖွင့်ထားသည့် ပန်းသဇင်စားသောက်ဆိုင်တွင် နားကောင်းမူနယ်မြေ စခန်းမှူး ရဲအုပ် အောင်ကျော်စွာမှာ သေနတ်ကိုင်ရင်း သီချင်းဆိုနေရာမှ ကျည်ဆံထွက်ကာ ဘေးအခန်းတွင်ရှိသည့် ပုံပါကျင်မြို့ စည်ပင်အကြီးတန်းစာရေး ဦးကျော်ဆန်းအား ထိမှန်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးကာ ရဲအုပ်အောင်ကျော်စွာကိုမူ ဖမ်းဆီး ထိန်းသိမ်းထားသည်။ 

• ကျောက်မဲမြို့နယ်၊ တော့ဆန်ဘက်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများဖြစ်ပွားနေရာ ဒေသခံ ၈၀၀ ကျော် မိုင်းငေါ့မြို့နယ်ခွဲသို့ တိမ်းရှောင်နေရကာ ယနေ့နံနက်ပိုင်းတွင် ထပ်မံတိမ်း ရှောင်လာသူများလည်း ရှိနေဆဲ ဖြစ်သည်။ 

• ကျောက်မဲတွင် ကိုဗစ်ကူးစက်မှုများကြောင့် ဇူလိုင်လ ၃ ရက်မှစကာ စျေးများအား ရက်အကန့်အသတ်မရှိပိတ်ကာ စားသောက်ဆိုင်များတွင် ပါဆယ် စနစ်ဖြင့်သာ ရောင်းချရန် စစ်အုပ်စုလက်အောက်ခံ စည်ပင်ဌာနက အမိန့်ထုတ်ထားသော် လည်း ကျောင်းများအား ဆက်လက်ဖွင့်ထားဦးမည် ဖြစ်သည်။ 

ရခိုင်ပြည်နယ်

• မောင်တောသို့ အခြားဒေသများမှ ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ လဝကနှင့် ၎င်းတို့၏ မိသားစုဝင် ၉၃ ဦးတွင် ကိုဗစ်ရောဂါးပိုး တွေ့ရှိခဲ့သည်။ မောင်တောတွင် ဆားကုန်ဘုတ်မူလွန်ကျောင်း၊ အမှတ် (၆) မူလတန်းလွန်ကျောင်းတို့တွင် လည်း သင်ကြားရေးဆရာမများ၌ ကိုဗစ်ပိုး တွေ့ရှိ၍ ယာယီပိတ်ထားလိုက်ရကာ အ.ထ.က (၁) နှင့် ၄ မိုင် အ.ထ.က ကျောင်းတို့တွင်လည်း ဆရာမနှစ်ဦး ပိုးတွေ့ခဲ့ရ၍ ၎င်းတို့ တာဝန်ယူသင်ကြားသည့် စာသင်ခန်းများအား ပိတ်ထားလိုက် သည်။ 

• မြောက်ဦးမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် ယနေ့နံနက် ၄ နာရီခန့်က ဆားသည်မချောင်းတွင် ငါးဖမ်းပိုက်ချနေသည့် ဦးမောင်ခင်သန်းနှင့် ဦးဇော်ထွန့်နှစ်ဦးအား ဟွန်ဒါစက်လှေတစ်စီးဖြင့် လူငါးဦးခန့်က လေးဂွ၊ လှံများဖြင့် ပစ်ခတ်ဓားပြတိုက် ခဲ့ရာ ငါးဖမ်းစက်လှေေပေါ်ရှိ ဟွန်ဒါမော်တာစက်တစ်လုံး၊ ဖုန်းနှင့် ပစ္စည်းအချို့ လုယက်ခံခဲ့ရသည်။ 

• စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြမှုများမရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင် ညမထွက်ရအမိန့်အား ယနေ့မှစ၍ နောက်ထပ် နှစ်လ သက်တမ်းတိုးထားသည်။ 

နေပြည်တော်

• စစ်အုပ်စုက မတရားဖမ်းဆီး ထိန်းသိမ်းထားသည့် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်တို့အား ချက်ချင်းပြန်လွှတ်ပေးရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယမန်နေ့ ညနေပိုင်းက ထပ်မံ တောင်းဆိုလိုက်သည်။ 

• “လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင်" အား အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ယာယီသမ္မတ ဒါဝါလရှီးလ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများဖြင့် ဖွဲ့စည်းလိုက်သည်။ 

• ဆွစ်ဇာလန်နိုင်ငံက စစ်အုပ်စုခန့် ရှေ့နချုပ်၊ ဝန်ကြီးလေးဦးနှင့် ဒုဝန်ကြီးသုံးဦးအား ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထပ်မံထည့် သွင်းလိုက်ကာ ဆွစ်ဇာလန်သို့ ခရီးသွားလာခွင့်နှင့် ဆွစ်ဇာလန်တွင် ရှိနိုင်သည့် ၎င်းတို့၏ ပိုင်ဆိုင်မှုမှန်သမျှအား ပိတ်ပင်ခံရ မည် ဖြစ်သည်။ ထို့ပြင် ကျောက်မျက်လုပ်ငန်းနှင့် သစ်လုပ်ငန်းလုပ်ကိုင်နေသည့် အဖွဲ့အစည်းလေးခုကိုလည်း ပိတ်ဆို့မှုစာ ရင်းတွင် ထည့်သွင်းထားသည်။ 

• NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်အမှုအား နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးတွင် ယနေ့ ပြုလုပ်ခဲ့ကာ တရားလိုပြသက်သေများအား အပြီးသတ်စစ်ဆေးခဲ့ကာ လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မသင့်အား အမိန့်ချမှတ်မည် ဖြစ်သည်။ 

ဇူလိုင် ၂ သုံးသပ်ချက်

• ရန်ကုန်တွင် ဆန္ဒပြမှုများ ငြိမ်သက်နေသော်လည်း ပေါက်ကွဲမှုများ ဆက်ရှိနေကာ စစ်အုပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုများ ရှိသည်။ စစ်အုပ်စုက မြို့နယ်တိုင်းလိုလိုတွင် အင်အားပြ ကင်းလှည့်မှုနှင့် စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် အငှားယာဉ် တက္ကစီများအား သုံး၍ အရပ်ဝတ်များဖြင့် ကင်းလှည့်မှုများလည်း ပြုလုပ်လာသည်။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုဆန္ဒပြမှုများ အားကောင်းကောင်းဖြင့် ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က မန္တလေးမြို့တွင်းရှိ မြို့နယ်များတွင် ကိုဗစ်အကြောင်းပြ၍ Stay at Home ကြေညာထားကာ နောက်ပိုင်းတွင် ဆန္ဒပြမှုများ ဖမ်းဆီးပါက နိုင်ငံရေးလှုပ်ရှားမှုထက် ကိုဗစ်စည်းကမ်းမလိုက်နာမှုဖြင့် ပုံဖျက်ဖမ်းဆီးမှုများ ပြုလုပ်လာမည် ဖြစ်သည်။ 

• စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်အုပ်စုသတင်းပေး ရှင်းလင်းမှုများ အဆက်မပြတ် ဖြစ်ပေါ်လျက် ရှိသည်။

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ ဒေသများတွင် လူထုသပိတ်များ ရှိနေဆဲဖြစ်သည်။ ကယားတွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်က ပစ်ခတ်မှု ရပ်ဆိုင်းထားသော်လည်း စစ်အုပ်စုဘက်က ပစ်ခတ်မှုများ ရှိနေကာ စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေဆဲ ဖြစ်သည်။ 

• စစ်အုပ်စုဘက်တွင် ပြည်တွင်းအုပ်ချုပ်ရေးယန္တရားများ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ပြီးပြီဟု သုံးသပ်နိုင်ကာ ရပ်ကွက်အဆင့် ရုံးများထက် မြို့နယ်အဆင့်ရုံးများတွင် စုပေါင်းအလုပ်လုပ်နေကြသည်။ စစ်အုပ်စုလက်အောက်ခံ ရဲနှင့် စစ်တပ်ထဲတွင် အချင်းချင်း ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး အောက်ခြေတွင် စည်းရုံးရေးပျက်ပြားနေသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။ စစ်အုပ်စုတွင် နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်မှုများကြောင့် စီမံခန့်ခွဲရေး ယန္တရားအားမကောင်းမှုကို ပိုမိုပေါ်လွင် လာစေနေပြီး ပြည်တွင်းအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီများကို သုံး၍ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွင် ပူးပေါင်းပါဝင်ပေး ရန် လိုက်လံလှုံ့ဆော်လျက်ရှိသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly