မြန်မာ့ကျောက်စိမ်းလုပ်ငန်းအပေါ် သပိတ်မှောက်ရာတွင် တရုတ်ပူးပေါင်းပါ၀င်ရန် Global Witness အဖွဲ့ တိုက်တွန်း

မြန်မာ့ကျောက်စိမ်းလုပ်ငန်းအပေါ် သပိတ်မှောက်ရာတွင် တရုတ်ပူးပေါင်းပါ၀င်ရန် Global Witness အဖွဲ့ တိုက်တွန်း

ဇွန် ၂၉

မြန်မာ့ကျောက်စိမ်းလုပ်ငန်းအပေါ် သပိတ်မှောက်ရာတွင် တရုတ်နိုင်ငံ ပူးပေါင်းပါ၀င်ရေးအတွက် နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သည့် Global Witness က  ယနေ့ ထုတ်ပြန်သော ယင်း၏ အစီရင်ခံစာတစ်ရပ်ထဲတွင် တိုက်တွန်းထားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ကျောက်စိမ်း ရောင်း၀ယ်မှုနှင့် ဆက်နွယ်နေသော ပဋိပက္ခနှင့် အကျင့်ပျက်ခြစားမှုပိုင်းနှင့်ပတ်သက်၍ ယင်း၏ အခန်းကဏ္ဍကို ကိုင်တွယ်ဖြေရှင်းသွားရန် လိုကြောင်း Global Witness က တရုတ်ကို တောင်းဆိုသွားခဲ့သည်။

မြန်မာနိုင်ငံ၏ ‌ကျောက်စိမ်းများအနက် ၉၀ ရာခိုင်နှုန်းခန့်အထိကို နိုင်ငံကနေ မှောင်ခိုထုတ်နေခဲ့ပြီး အားလုံးနီးပါးသည် တရုတ်နိုင်ငံထဲသို့ ရောက်ရှိနေကြောင်း Global Witness က ခန့်မှန်းသည်။

မြန်မာ့ကျောက်စိမ်းကဏ္ဍအတွင်းရှိ အကျင့်ပျက်ခြစားမှုသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် မိသားစုအပါအ၀င် အာဏာသိမ်းစစ်တပ်၏ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်များအထိ ရောက်ရှိထားခဲ့ကြောင်း Global Witness က  "ကျောက်စိမ်းနှင့် ပဋိပက္ခ၊ မြန်မာ၏ ရုန်းမထွက်နိုင်သည့် ၀ဲသြဃ" ဟု အမည်တပ်ထားသည့် အစီရင်ခံစာထဲတွင် ထုတ်ဖော်ထားသည်။

ဖေဖေါ်၀ါရီ ၁ ရက်က မင်းအောင်လှိုင် ဦးစီးသည့် စစ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခ ဖိစီးခံနေရသည့် ကဏ္ဍထဲတွင် အကြမ်းဖက်မှုလှိုင်းသစ်တစ်ခုကို အစပျိုးစေခဲ့ပြီး ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိ သတ္ထုလုပ်ငန်းကို ထိန်းချုပ်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အန္တရာယ်ကို ဖော်ထုတ်ပြသနေကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။

နှစ်များစွာကြာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ခဲ့ပြီးနောက် Global Witness ၏ အစီရင်ခံစာထဲတွင်  မြန်မာနိုင်ငံ၌ တူးဖော်ထုတ်လုပ်သည့် ကျောက်စိမ်းနှင့် ကျောက်မျက်အရိုင်းတုံးအားလုံး ၀ယ်ယူတင်သွင်းမှုအပေါ် ချက်ချင်း ပိတ်ပင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းထားခဲ့သည်။  ထို့ပြင် ကျောက်စိမ်းလုပ်ငန်း အပါအ၀င် အာဏာသိမ်းမြန်မာစစ်တပ်၏ စီးပွားရေးအကျိုးစီးပွားများအပေါ် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းကနေတဆင့် အာဏာသိမ်းစစ်တပ်ထံ ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ရေးအတွက်လည်း ယင်းအစီရင်ခံစာတွင် တောင်းဆိုထားခဲ့သည်။

ထို့ပြင် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ စစ်တပ် အာဏာလက်လွှတ်စေရေး လုပ်ဆောင်ရန် တောင်းဆိုထားသလို မြန်မာပြည်သူများ လက်ခံသော တရား၀င် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းထူထောင်နိုင်ရေးကို ကမ္ဘာ့အသိုင်းအ၀ိုင်းက ၀ိုင်း၀န်းကူညီရေးအတွက်လည်း တောင်းဆိုထားသည်။

အစီရင်ခံစာသည် ကျောက်စိမ်းလုပ်ငန်းအပေါ် စစ်တပ်ထိန်းချုပ်မှုပိုင်းကို အဓိက အာရုံစိုက်ခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းကို ကွက်ပြီးရွေးခဲ့ခြင်းမရှိသော်လည်း တရုတ်သည် မြန်မာမှ ကျောက်စိမ်းများကို အကြီးမားဆုံး၀ယ်ယူသူ ဖောက်သည်ဖြစ်နေသည့်အတွက် အဆိုပါ အာရှနိုင်ငံကြီးအနေဖြင့် မြန်မာ့ကျောက်စိမ်းလုပ်ငန်းအပေါ် သပိတ်မှောက်ရေးအတွက် ပိုမိုလုပ်ဆောင်သင့်ကြောင်း Global Witness ၏ မြန်မာဆိုင်ရာမူ၀ါဒ အကြံပေး ကီးလ် ဒိုင်ယက်ဇ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly